မန္တလေး ဩဂုတ် ၇

(၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန အောက်တို့မှ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။   
အခမ်းအနားကို တိုင်းရင်းဆေးပညာရှင်များ၏ နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့် လှစ်ပြီး သဘာပတိ၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက မြန်မာ့တိုင်း ရင်းဆေးကုထုံး များနှင့် တိုင်းရင်းဆေးဝါးများ၏ အမှန်တကယ် အကျိုးအာနိသင်ရှိမှုကို  “Experience based ကနေ Evidence based သို့ ပြောင်းလဲ၍ လက်တွေ့သက်သေများဖြင့် ပြသနိုင်မည်ဖြစ်ကြောင်း၊  ဆန်းသစ်တီထွင်နိုင်သော သုတေသနဆိုင်ရာ အကြံဉာဏ်များဖလှယ်ရန်နှင့် တိုင်းရင်းဆေး ပညာနယ်ပယ်ကို ရှေ့သို့တွန်းအားပေးမည့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း၊ သုတေသန စာတမ်းဖတ်ပွဲများသည် တိုင်းရင်းဆေးပညာ၏ ကျန်းမာရေးစောင့် ရှောက်မှု  အဆင့်အတန်းကို ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ကျန်းမာရေးဝန်ကြီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးဆောင်၍ မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့ အကြုံအခြေပြု ဆေးပညာရပ်မှ သက်သေအထောက်အထားပြု ဆေးပညာရပ်အဖြစ်သို့ ပြောင်းလဲ တိုးတက်လာစေရန်၊ ပြည်သူလူထု၏ အဓိကကျန်းမာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေး ပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးအသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရန်၊ အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်နှင့် ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည် အသွေးကောင်းမွန်၍ အသုံးချနိုင်သော တိုင်းရင်းဆေးသုတေသနများ ဆက်လက်ဆောင်ရွက်နိုင်စေ ရန်အတွက် သုတေသနဆိုင်ရာ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် စသည့်ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်သည်။

စာတမ်းဖတ်ပွဲကို ဩဂုတ် ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  သုတေသနစာတမ်း (၂၉)စောင်၊ ပိုစတာ (၆)စောင် ကိုဖတ်ကြားတင်သွင်းပြသသွားမည်ဖြစ်ပြီး  မြန်မာ့တိုင်းရင်းဆေး၏ နယကြီး လေးပါး၌ပါဝင်သော ဝိဇ္ဇာဓရနယ ဆေးပညာဆိုင်ရာ‌ ဟောပြောပွဲအပါအဝင် တိုင်းရင်းဆေး ဝါးများတွင် မှို/ပိုး ပေါက်ပွားမှုမှ ကာကွယ်နိုင်မည့် လက်တွေ့ နည်းလမ်းကောင်းများ၊ အာခါတိုင်း ရင်းသားများ၏ ရိုးရာကုထုံးများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်ဝန်ကြီး ဌာနများဖြစ် သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနတို့မှ  သုတေသန စာတမ်းများ ဖတ်ကြားတင်သွင်းကြမည်ဖြစ်သည်။  တိုင်းရင်းဆေး ပညာရှင်များနှင့် သိပ္ပံသုတေသီ ပညာရှင်များ၏ စာတမ်းများပါဝင်သောကြောင့် ပညာရှင်များတွေ့ဆုံ ဆွေးနွေးသုံးသပ်အဖြေရှာ၍  လက်တွေ့အသုံးချနိုင်သည်အထိ သုတေသနများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယခုသုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးတိုင်းရင်းသုတေသနစာတမ်း၊ သိပ္ပံသုတေ သနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းနှင့် ပိုစတာများကို စိစစ်အကဲဖြတ်၍ ဆုချီးမြှင့် သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည်  ပြသထားသော ပိုစတာများကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း  သိရသည်။

သတင်းစဉ်