နေပြည်တော် ဩဂုတ် ၇
(၂၅) ကြိမ်မြောက်ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဌ အမြဲတမ်းအတွင်းဝန်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆပ်ကော်မတီအဖွဲ့ဝင်များ နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားရေး ဇာတိဂုဏ်မြင့်မားရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကို ဦးတည်၍ ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက်နှင့် ၂၀၂၃ ခုနှစ်တွင် (၂၄) ကြိမ်မြောက် ပြိုင်ပွဲများကို ကျင်းပခဲ့ပါ ကြောင်း၊ ယခုနှစ်တွင် လည်း (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ကို ထူးခြားသည့် အစီအစဉ်များဖြင့် ကျင်းပ သွားမည်ဟု သိရပါကြောင်း၊ ဆပ်ကော်မတီဝင်များအနေဖြင့်လည်း ယခင်နှစ်က လုပ်ငန်းအတွေ့အကြုံများပေါ်မူတည်၍ ယခုနှစ် တွင် ချို့ယွင်းအားနည်းချက်မရှိအောင် ဆောင်ရွက်ကြရန်၊ ကျွေးမွေး ဧည့်ခံရာ၌လည်း အစား အသောက်များ လုံလောက်စေရေး၊ သန့်ရှင်းလတ်ဆက်ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ ကျွေးမွေးရေးနှင့် အစားအသောက်များကြောင့် ပြိုင်ပွဲကျင်းပမှုများ အခက်အခဲမရှိ စေရေး အလေးထားဆောင်ရွက်ကြရန်၊ မိမိတို့ ဆပ်ကော်မတီ၏ လုပ်ငန်းများကို ဆပ်ကော်မတီဝင် အားလုံး ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ချက်၊ မူဝါဒဆုံးဖြတ်မှု ခံယူရန်၊ လိုအပ်ချက်များကို ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများသို့ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဧည့်ခံကျွေးမွေးရေးနှင့် ပတ်သက်၍ ယခင်နှစ် ဆောင်ရွက်ခဲ့မှုများ၏ အားနည်းချက်၊ အားသာချက်များနှင့် ဖြည့်စွက်ဆောင်ရွက်ရမည့် ကိစ္စများ၊ ကျွေးမွေးဧည့်ခံရေး ဆောင်ရွက်မည့် ဝန်ထမ်းများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ဝတ်စားဆင်ယင်မှုကိစ္စများ၊ အစားအစာများ သန့်ရှင်းစင်ကြယ်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝ စွာ ကျွေးမွေးရေး၊ လုံခြုံရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် အသုံးစရိတ်များ သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ ဥက္ကဌက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက ယခင်ပြိုင်ပွဲများ၌ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါကြောင်း သိရသည်။
သတင်းစဉ်


