နေပြည်တော် ဩဂုတ် ၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ ခေတ္တအမြဲ တမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခုကဲ့သို့ ဂုဏ်ထူးရှင်များ ပေါ်ထွက် လာအောင် သင်ကြားပေးခဲ့သည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ပညာရေးကို အားပေးပံ့ပိုးပေးခဲ့ကြသည့် မိဘများ၊ ဇွဲလုံ့လဝီရိယထားပြီး ကြိုးစားခဲ့ကြသော ကျောင်းသား ကျောင်းသူများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်ချက်အကောင်းဆုံးမြို့နယ် ၃ မြို့နယ်၊ အောင်ချက်အကောင်းဆုံးကျောင်း ၃ ကျောင်းနှင့် ခြောက်ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၅ ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး နေပြည်တော် ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ခြောက်ဘာသာ၊ ငါးဘာသာနှင့် လေးဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုဆုချီးမြှင့်ပွဲအတွက် နေပြည် တော်ကိုယ်ပိုင်ကျောင်းများအသင်းနှင့် နေပြည်တော်စီးပွားရေးလုပ်ငန်းရှင်များက လှူဒါန်း သည့် အလှူငွေများကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကိုယ်စား ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်းမှ ခြောက်ဘာသာဂုဏ်ထူးရှင် မဖူးပြည့်ခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက အသီးတရာအညှာတစ်ခုတေးသရုပ်ဖော်နှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၉ဦး၊ ငါးဘာသာ ၆၇ဦး၊ လေးဘာသာ ၈၅ဦး၊ သုံးဘာသာ ၁၀၄ ဦး၊ နှစ်ဘာသာ ၁၆၈ ဦး၊ တစ်ဘာသာ ၄၈၁ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၉၃၄ ဦးရှိပြီး အောင်ချက်အကောင်းဆုံးမြို့နယ် ပထမဆုရ ပျဉ်းမနားမြို့နယ်၊ ဒုတိယဆုရ ပုဗ္ဗသီရိမြို့နယ်နှင့် တတိယဆုရ လယ်ဝေးမြို့နယ်တို့ဖြစ်ကြောင်း၊ အောင်ချက်အကောင်းဆုံး ကျောင်း ပထမဆုရ တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(MRTV)၊ ဒုတိယ ဆုရ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းနှင့် တတိယဆုရ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်