နေပြည်တော် ဩဂုတ် ၈
ASEAN Sports Day အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အပြေးအားကစားပြိုင်ပွဲများကို ယနေ့နံနက် (၇) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြေးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြေးခုန်ပစ် အပြေးအားကစားပြိုင်ပွဲများအဖြစ် အမျိုးသား/ အမျိုးသမီး (မီတာ ၁၀၀ ပြိုင်ပွဲ၊ မီတာ ၄၀၀ ပြိုင်ပွဲ၊ မီတာ ၈၀၀ ပြိုင်ပွဲ၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း) ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တို့မှ အားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နေမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပါဝင်ဆင်နွှဲခဲ့သူများကို အဆာပြေ အအေးနှင့်မုန့်များ ပေးဝေခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်