နေပြည်တော်၊ သြဂုတ် ၈
ICT နှင့် e-government လုပ်ငန်းများ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးနှင့် ICT ကျွမ်းကျင်သူ အရာထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်က ICT နှင့် e-government လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လက်ငင်းဆောင်ရွက်၍ရသော တောင်သူပညာပေး ကဏ္ဍများအတွက် ချက်ချင်းအကောင်အထည်ဖော်ရန်နှင့် သတင်းအချက်အလက်များ မှန်ကန်ရေး၊ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်ရှိပြီး ပညာပေး စာအုပ်စာစောင် စာတမ်းများမှ remake (အသစ်) ပြုလုပ်၍ e-book အဖြစ် website တွင် လွှင့်တင်၍ ကြည့်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ICT နှင့် e-government လုပ်ငန်းများမှာ ကျယ်ပြန့်၍ ငွေကြေးနှင့် ကျွမ်းကျင်မှုများ လိုအပ်သဖြင့် ဌာနစိတ်တစ်ခုအဖြစ် သီးခြားတာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရုံးတွင်းလုပ်ငန်းများအတွက် e-government လုပ်ငန်းများ တဆင့်ပြီးတဆင့် တိုးတက်အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ပြောသည်။
တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်း ကွင်းဆက်တစ်လျောက်တွင် ပါဝင်ပတ်သက်သူအားလုံး အကျိုးစီးပွားတိုးတက်အောင်မြင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာဝန်ဆောင်မှုလုပ်ငန်းများကို ICT နည်းပညာကို ထိရောက်စွာ အသုံးချဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 
စိုက်ပျိုးရေးနည်းပညာများ၊ စျေးကွက်သတင်းများ၊ ရာသီဥတုနှင့် သဘာဝဘေးဆိုင်ရာများ သတင်းအချက်အလက်နှင့် နှိုးဆော်ချက်များကို မိုဘိုင်းဖုန်းအသုံးပြု လူမှုကွန်ယက်မီဒီယာများတွင် အချိန်နှင့်တပြေးညီ ဖော်ပြပေးခြင်း၊ ဝဘ်ဆိုဒ်စာမျက်နှာများတွင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သိရှိလိုသည်များမေးမြန်းနိုင်ရန် doa.argichatbot application ရေးဆွဲဖြန့်ဝေပေးရန် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် social media များ တွင် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာများ လွှင့်တင်ထားသကဲ့သို့ website တွင်လည်း စိုက်ပျိုးရေး ပညာပေးကဏ္ဍများ၊ သတင်းများ၊ e-book များ လွှင့်တင်ထားပြီး ဆက်လက်၍ argichatbot application ကိုလွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
လေးလေးသန်း ၊ဓာတ်ပုံ(စိုက်ပျိုးရေး)