နေပြည်တော် ဩဂုတ် ၈
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လူငယ်များအနေဖြင့် မိမိတို့ လေ့လာသိရှိမှတ်သားထားသည့် အချက်များ၊ အတွေ့အကြုံများ၊ ဗဟုသုတများကို အကောင်းဆုံးတင်ပြဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ဆွေးနွေးအကြံပြုချက်များကို သေချာစွာလေ့လာမှတ်သားထားပြီး မိမိတို့ဘဝ တက်လမ်းအတွက်သာမက နေပြည်တော်ရှိ လူငယ်များဘဝရှေ့ရေးအတွက် အကောင်းဆုံး အကောင်ထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များမှရရှိလာမည့် အတွေ့အကြုံ၊ ဗဟုသုတများ၊ အသိပညာများကို မိမိတို့နှင့် သက်ဆိုင်သည့်နယ်ပယ်များ၌ ထပ်ဆင့်ပြန်လည်မျှဝေ ပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်လူငယ်ရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးကြည်စိုးလင်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များ၏ အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေး ခရီးစဉ်များနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်မည့် လူငယ်များကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ယင်းနောက် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးတို့အတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် ဆောင်ရွက်နေမှုအခြအနေများကိုလည်းကောင်း၊ နေပြည်တော်ကုန်သွယ်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက နေပြည်တော်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)
Breaking News


