နေပြည်တော်၊ ဩဂုတ် ၈
စပါး-ငါးပေါင်းစပ်မွေးမြူခြင်းမှရရှိသည့် ဂေဟဗေဒ ဝန်ဆောင်မှုတန်ဖိုးအပေါ် လေ့လာမှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရုံးအမှတ် (၃၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
ဉီးစွာ ဒုတိယဝန်ကြီးက စပါးခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းမှာ မိရိုးဖလာနည်းတစ်ခုဖြစ်ပြီး တောင်သူမိသားစု အပိုဝင်ငွေရရှိစေရန်နှင့် စားရေရိက္ခာ ဖူလုံစေရန် ဆောင်ရွက်လေ့ရှိကြောင်း၊ မျက်မှောက်ကာလတွင် အာရှတိုင်းပြည်များ၌ စပါးခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို အကျိုးအမြတ်ရရှိစေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက်ရှိကြကြောင်း၊ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၌ စာတမ်းရှင်၏ သုတေသနပြုလေ့လာခဲ့မှုကို ဝိုင်းဝန်းဆွေးနွေးသုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့် စပါး - ငါး ပေါင်းစပ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပေါ် အကြံပြုဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 
ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဦးစီးမှူး ဒေါက်တာ အာကာမျိုးက လုပ်ငန်းဆောင်ရွက်မှုကို ဖတ်ကြားတင်ပြသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါက်တာအာကာမျိုး၏ ပါရဂူဘွဲ့စာတမ်းဖြစ်သော စပါး - ငါးပေါင်းစပ် မွေးမြူခြင်းမှရရှိသည့် ဂေဟဗေဒဝန်ဆောင်မှုတန်ဖိုးအပေါ် လေ့လာမှုစာတမ်းကို ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှဘာသာရပ် အလိုက်ကျွမ်းကျင်သူပညာရှင်များအားဖိတ်ခေါ်၍ အသိပညာဗဟုသုတများဖလှယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်