နေပြည်တော် ဩဂုတ် ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာ၌ ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာရှိ အလင်းရောင် လယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း၌ ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ နိုင်ငံအတွင်းရှိပြည်သူများ အဝတ်အထည်များ ဖူလုံရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုမှာ အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်း ချည်လိုအပ်ချက်အတွက် ပြည့်မီသည်ကို တွေ့ရှိရသော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်းမှာယူ နေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသောဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်း ချနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက် လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကို ပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက် ရန်လိုအပ်ကြောင်း။
ဝါစိုက်တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ် စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်ရန် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝါခူးဆွတ် ချိန်တွင်လည်း အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့်ရှိသည့်အနက် သတ်မှတ် အရည်အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများသိရှိအောင် တာဝန်ရှိသူ အဆင့်ဆင့်မှ အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိလာသောဝါများ ဈေးကောင်း ရရှိရေး ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူအသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး မိုးကြိုဝါစိုက်ခင်းများတွင် ဝါဆွတ်ခူးနေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ပျော်ဘွယ်မြို့နယ် ဆည်ကန်ဝါစက်ရုံနှင့် မန်းရတနာ ဝါဂွမ်းနှင့် ဝါမျိုးစေ့ရောင်း ဝယ်ရေးစက်ရုံများသို့ ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များထုတ်လုပ်နေမှုများနှင့် ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲ နိုင်မှုကြောင့် စားသုံးဆီအပြင် တိရစ္ဆာန်အစာအတွက် ဝါဖတ်များကိုပါ ရရှိခြင်းကြောင့် များစွာအကျိုးရှိပါကြောင်း၊ ဝါစိုက်ဧကအပေါ်အခြေခံ၍ ကုန်ကြမ်းရရှိမှုအပေါ် မူတည်ကာ ဝါဖန်စက်များ ထပ်မံလိုအပ်မှု ရှိ/မရှိ တင်ပြပေးရန်နှင့် ထပ်မံလိုအပ်သော စက်များကို ပြည်တွင်း စက်မှုဇုန်များမှ ထုတ်လုပ်နိုင်သည့်အတွက် တိုးချဲ့ဆောင်ရွက်လိုပါက ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည် တင်ပြကြရန်လိုအပ်ကြောင်း ပြောကြားပြီး တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ဗသီရိမြို့နယ်ရှိ တီဘီအယ်လ်ကုမ္ပဏီ လီမိတက်၏ ဝါ၊ နေကြာ၊ နှမ်း၊ စပါးမျိုးစေ့များနှင့် အခြားသီးနှံမျိုးစေ့များ ထုတ်လုပ်နေမှု၊ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် လိုအပ်သောဒေသများသို့ သမဝါယမအသင်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


