နေပြည်တော်၊ ဩဂုတ် ၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၂ ၌ ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဉီးထွန်းအုံက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံမျိုးစုံဖြင့ ်ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုများဖြစ်ပေါ်လာပါက ဥပဒေအရ အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတိထားရှောင်ကြဉ်ရန် အထူးလိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရှင်းလင်းပွဲမှရရှိလာသည့် အသိပညာ ဗဟုသုတများကို မိမိပတ်ဝန်းကျင်နှင့် မိမိ၏ လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်မျှဝေပေးစေလိုပါကြောင်း၊ ဝန်ဆောင်မှုပေးရသည့် ဦးစီးဌာနများအနေဖြင့် အဂတိလိုက်စားမှုသည် ပြည်သူများ၏ ယုံကြည်မှု လျော့ကျစေနိုင်သည့်အပြင် နိုင်ငံတော်၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးကိုပါ ယိုယွင်းပျက်စီးစေနိုင်သဖြင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကို ငြင်းဆန်ရန် တိုက်တွန်း လိုကြောင်း၊ အဂတိကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် ဝန်ထမ်း ကောင်းများဖြစ်ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက ကော်မရှင် အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အဂတိ လိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို မဖြစ်မီ ကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာ ပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ ဆုံးရုံးမှုလျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့် နည်းပညာဆိုင်ရာ သင်တန်းများပို့ချပေးခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာ ကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ခေါင်းဆောင်၍ ဝန်ကြီး ဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ များ၊ အားနည်းချက်၊ အားသာ ချက်များနှင့်စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


