နေပြည်တော် ဩဂုတ် ၉

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဉီးစွာ သင်တန်းကျောင်းအတွင်း လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော မသန်စွမ်းကလေး သူငယ်များကို ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှု၊ စာသင်ခန်းများထားရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု၊ မသန်စွမ်းကလေးငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရေး လေ့ကျင့်ပြုစုပေးနေမှုနှင့် ပညာဆက်လက်သင်ကြားနိုင်ရေး လေ့ကျင့် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)