နေပြည်တော်၊ ဩဂုတ် ၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။   

အဆိုပါ ဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ပိုမိုကောင်းမွန်သော ကုန်သွယ်မှုနှင့် စီးပွားရေး အလားအလာများအတွက် မဟာဗျူဟာမြောက် ပေါင်းစည်းနိုင်ရေး ဆွေးနွေးရန်နှင့် စီးပွားရေးအတွက် လွတ်လပ်ပြီး လွယ်ကူချောမွေ့သော ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၆ ရက်ညနေ ၆ နာရီတွင် နယူးဒေလီမြို့ရှိ Hotel Taj Palace ၌ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါဘီတျာမာဂါရစ်တာ (Pabitra Margherita)က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဘင်းမ်းစတက် စီးပွားရေးဝန်ကြီးများအဆင့် မျက်နှာစုံညီအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပရာ ဘင်းမ်းစတက်အဖွဲ့ဝန်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု၊လက်မှုဝန်ကြီးဌာနဝန်ကြီး မစ္စတာပိုင်ရတ်ရှ်ဂိုရယ်လ်၊ နီပေါနိုင်ငံ စက်မှု၊ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဒါမိုဒါဘန်ဒါရီ၊ ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာဆူချာ့တ် ချုံကလင်း၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာမာနီပန်နေး၊  ဘူတန်နိုင်ငံ စက်မှု၊ကူးသန်းရောင်း ဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန၊ စက်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာချိုင်းမ်ရှရင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စစ်ရှန်နူကာ ဆန်နာဝါရ်တနာ (Mrs. Kshenuka Senewiratne) နှင့် အိန္ဒိယစက်မှု လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ ဆန်ဂျီးဗ်ပူရီနှင့် ညွှန်ကြားရေးမှူးချုပ် မစ္စတာချန်ဒွါဂျီဘန်းနားဂျီတို့နှင့်အတူ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေးအတွက် အမှာစကားများ ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် လက်ရှိကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးရာမရေရာမှုများကြောင့် အခက်အခဲများကြုံ တွေ့နေရသည့်အချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယင်းစိန်ခေါ်မှု အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ရင်ဆိုင်ကျော်ဖြတ်နိုင်ရေးမှာ အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကာကွယ်ရေးဝါဒ၊ ရာသီဥတုဆိုင်ရာကိစ္စရပ်များနှင့် စွမ်းအင် လုံခြုံရေးစသောစိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရသည့် ယနေ့ခေတ်ကြီးတွင် ဒေသတွင်း ပေါင်းစည်း မှုသည် ရွေးချယ်စရာမဟုတ်တော့ဘဲ အမျိုးသားမူဝါဒတစ်ခု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့်ယခုအချိန်သည် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရေး လိုအပ်နေချိန်ဖြစ်ပြီး ယင်းကို အပြီးသတ်ဆောင် ရွက်နိုင်ရန်အတွက် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘင်းမ်စတက်၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် ဦးဆောင်နိုင်ငံအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘော တူစာချုပ်၏ အစောပိုင်းနိုင်ငံတကာ အသွင်ကူးပြောင်းရေး၏ အလားအလာရှိသော ရလဒ်အချို့ဖြစ်သည့် စီးပွားရေးကွဲပြားမှု၊ စီးပွားရေးတိုးတက်မှုနှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးပြောကြားခဲ့သည်။

ယခုကျင်းပသည့် ဘင်းမ်စတက်စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသည် ကဏ္ဍကြီး ၅ ခုနှင့် နိုင်ငံအလိုက် ဆွေးနွေးပွဲများဖြင့် ကျင်းပခြင်းဖြစ်ပြီး တောင်တန်းနှင့် ပင်လယ်ပြင်ဒေသအခြေပြု စီးပွားရေးတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍ၌ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ဇော်မြင့်ကလည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးကဏ္ဍတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ အလုပ်အမှုဆောင်အရာရှိ ဒေါ်လှလှရီ ကလည်းကောင်း၊ အမျိုးသမီးစီးပွား စွမ်းအားမြှင့်တင်ခြင်း အစီအစဉ်တွင်  UMFCCI မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ချောမွေ့သောဂေဟစနစ်ကို ဖန်တီးခြင်းကဏ္ဍတွင် UMFCCI မှ ဗဟိုအလုပ်အမှု ဆောင်အရာရှိ ဦးထွန်းထွန်းနိုင်က လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းကဏ္ဍတွင်  UMFCCI မှ ဗဟိုအလုပ်အမှုဆောင် အရာရှိ ဒေါ်နန်းကလျာဝင်းက လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ယခုအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါအဝင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကုန်သည်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊  စီးပွားရေး လုပ်ငန်းရှင်များ၊ မူဝါဒရေး ရာလေ့လာရေးအဖွဲ့များ၊ သုတေတနအဖွဲ့ အစည်းများနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၅၀၀ ကျော်တက်ရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။

ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူး ဒေလီမြို့မှ ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)