ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံအပေါင်းသုံးနိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
နေပြည်တော်၊ ဩဂုတ် ၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်H.E. Mr. Ajman Bin Haji Meludin ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင် ဩဂုတ် (၅)ရက်မှ (၇) ရက်အထိ ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီး အကဲများအစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌသည် ဩဂုတ် (၅) ရက်နှင့် (၇) ရက်တို့တွင် ကျင်းပသည့် “အနာဂတ်တွင် အာဆီယံနိုင်ငံ့ဝန်ထမ်းကဏ္ဍ ခိုင်မာအားကောင်းရေးနှင့် အံဝင်ခွင်ကျဖြစ်စေရေး “Strengthening ASEAN Public Sector : Fit for the Future’’ အစည်းအဝေးများကို လည်းကောင်း၊ ဩဂုတ် (၆) ရက်တွင် ကျင်းပသည့် ကောင်းမွန်သော အုပ်ချုပ်မှု ဆိုင်ရာဖိုရမ် “Revolutionizing the Public Sector: Artificial Intelligence for Good Governance” ကိုလည်းကောင်း တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးများ၌ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)နှင့် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ လုပ်ငန်း စီမံချက် (၂၀၂၁-၂၀၂၅) အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်း၊ အခြားဆက်စပ် အစည်းအဝေးများတွင် ACCSM ကဏ္ဍအတွက် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာ သုံးသပ်ခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ အဆိုပြုထားသည့် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အလုပ်နှင့် ဘဝဟန်ချက်ညီမှုရှိစေရေး ဝန်ထမ်းများ၏ ကိုယ်စိတ် ကျန်းမာရေးအပေါ် အစိုးရ၏ မဟာဗျူဟာများ ခိုင်မာအားကောင်းရေးဆိုင်ရာ အာဆီယံထုတ်ပြန်ချက်အပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) ရေးဆွဲရေးအတွက် လုပ်ငန်းစဉ်များတင်ပြခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ ကမ္ဘောဒီးယား နိုင်ငံသို့ (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့်အခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း အကြီးအကဲက (၂၀၂၄-၂၀၂၆) ကာလအတွင်း ၎င်းတို့ တာဝန်ယူဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးများနှင့် ဆက်စပ်လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင် ဆင်ထားရှိမှုများကို တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


