နေပြည်တော်၊ ဩဂုတ် ၁၀
တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အဋ္ဌမ ပုံမှန်အစည်းအဝေး (၃/ ၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြု ပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် အခြားပညာရပ်ဆိုင်ရာ အဖွဲ့အစည်းကြီးများက နမှုနာရယူဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်၍ ခိုင်မာအားကောင်းအောင်ပိုမိုကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာအထူးပြု ဘာသာရပ်အလိုက် ပညာရှင်အဆင့်မှသည် အတိုင်ပင်ခံအဆင့်အထိ အရည်အသွေးတိုးတက်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားလိုကြောင်း၊ နည်းဥပဒေတွင်ပါဝင်သည့် အင်ဂျင်နီယာဘာသာရပ်အလိုက် အထူးပြုများအနေဖြင့် မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ အီလက်ထရောနစ်၊ ဓာတု၊ ချည်မျှင်/ အထည်၊ ရေနံဓာတု၊ သတ္ထုတူးဖော်ရေး၊ ရေကြောင်း၊ လေကြောင်း၊ သတင်းအချက် အလက်နည်းပညာ၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာစသည်ဖြင့် အထူးပြုလုပ်ငန်းအဖွဲ့များ ခွဲခြားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် အင်ဂျင်နီယာလုပ်ငန်းများ၊ နိုင်ငံတော်၏ လုပ်ငန်းများကို ဆောင်ရွက်ရာ၌ မြို့ပြ၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာများ အမြောက်အများရှိကာ အင်အားကောင်းမွန်သော်လည်း ဓာတု၊ ချည်မျှင်/ အထည်၊ သတ္ထု တူးဖော်ရေးစသည့် နယ်ပယ်များတွင် ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ အင်အားနည်းလျက် ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း။
ယခုအခါ နိုင်ငံတော်အနေဖြင့်ဝါမှ အထည်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းအား အားပေးဆောင်ရွက်လျက်ရှိရာ ချည်မျှင်/ အထည် အင်ဂျင်နီယာများကို အားထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် လက်တွေ့ဆောင်ရွက်သည့် အင်ဂျင်နီယာပညာရှင် အများစုမှာ အသက်ကြီးပိုင်းများသာဖြစ်နေပြီး မျိုးဆက်သစ် သက်ငယ်ပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ပြင်စားသောက်ကုန်နှင့် ဆေးဝါးလုပ်ငန်း စသည်တို့တွင် ဓာတုအင်ဂျင်နီယာများ လိုအပ်လျက်ရှိသကဲ့သို့ စွမ်းအင်ကဏ္ဍတွင် ရေနံဓာတုအင်ဂျင်နီယာများ၊ သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံများတွင် သတ္ထုဗေဒနှင့်သတ္ထု တူးဖော်ရေးဆိုင်ရာ အင်ဂျင်နီယာများ လိုအပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာအင်ဂျင် နီယာများတွင် ပညာရှင်အဆင့်အင်ဂျင်နီယာ (P.E) များရှိသော်လည်း အတိုင်ပင်ခံ အင်ဂျင်နီယာများကို ပြည်ပမှ ငှားရမ်းနေကြရပါကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် အင်ဂျင်နီယာအထူးပြုဘာသာရပ်အလိုက် ပညာရှင်အဆင့် သတ်မှတ်ပြီးသည့် အင်ဂျင်နီယာများအတွက် အတိုင်ပင်ခံအဆင့်အထိ မွေးမြူနိုင်ရေး သင့်လျော်သည့် စဉ်ဆက်မပြတ် လေ့လာသင်ယူရေးအစီအစဉ်များ (CPD) သတ်မှတ်ပြဋ္ဌာန်းပေးပြီး ပြုစုပျိုးထောင်ပေးနိုင်ရေး တိုက်တွန်းပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးကို ဦးဆောင်ဦးရွက်ပြုလျက်ရှိသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့်လည်း စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပသွားစေလိုပါကြောင်း၊ နိုင်ငံတော်၏စက်မှုကဏ္ဍ တိုးတက်အောင်မြင်ရေးအတွက် အင်ဂျင်နီယာပညာရှင်များ၊ နည်းပညာရှင်များနှင့် နည်းပညာကျွမ်းကျင်သူများမှ ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးနိုင်ရန် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) က ကောင်စီ၏ ၂၀၂၂-၂၀၂၃ မဟာဗျူဟာအစီအစဉ်အရ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့်လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လည်းကောင်း၊ ကောင်စီအတွင်းရေးမှူးက ၂၀၂၃ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သော ကောင်စီပဉ္စမပုံမှန်အစည်းအဝေး (၃/ ၂၀၂၃) မှ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စရပ်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ (၂) က အင်ဂျင်နီယာ အထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့များ၏လုပ်ငန်းဆောင် ရွက်ထားမှုကိုလည်းကောင်း၊ ကောင်စီနာယကကြီးများက ကောင်စီ၏လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကောင်စီအတွင်းရေးမှူးက ကောင်စီဥပဒေ အခန်း (၆) ၊ ပုဒ်မ ၁၅ အရ ၂၀၂၄ ခုနှစ်၊ မတ်လမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့ပြီးသော ပုံမှန်အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေး (၄) ခု၏ ဆုံးဖြတ်ခဲ့ပြီးသော ဆုံးဖြတ်ချက်များကို တင်ပြအတည်ပြုချက်ရယူခြင်း၊ တွဲဖက်အတွင်းရေးမှူး - ၂ က ကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကောင်စီဘဏ္ဍာရေးမှူးက ဘဏ္ဍာရေးအခြေအနေများ၊ လုပ်ငန်းကော်မတီများက ၂၀၂၄ ခုနှစ်၊ ပထမ (၃) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
သတင်းစဉ်


