နေပြည်တော်၊ ဩဂုတ် ၁၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်မောင်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ Thatluang သံဃနာယကတိပိဋက ကျောင်းတိုက်၌ ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်ကပ်လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ လာအိုနိုင်ငံ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး Most Ven  Maha Bounma Simmaphomနှင့် ကြွရောက်လာကြသည့်  သံဃနာယကအဖွဲ့ဝင် ဆရာတော် ကြီးများက ဆုတောင်းမေတ္တာပို့သကြပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းရသော ရည်ရွယ်ချက်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံများဖြစ်သည့်အပြင် ရိုးရာယဉ်ကျေးမှု သမိုင်းကြောင်း နောက်ခံများလည်း တူညီသည့်အတွက် လာအိုနိုင်ငံ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့တက္ကသိုလ်များတွင် အသုံးပြုရန် အတွက် ရည်ရွယ် လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းရခြင်းသည် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်တံ့ခိုင်မြဲစေရန်ဖြစ်ပါကြောင်း တင်ပြလျှောက်ထားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီး၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ၊ လှူဖွယ်သင်္ဃန်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လာအိုနိုင်ငံ သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ကြွရောက်လာကြသည့် ဆရာတော်ကြီးများက မေတ္တာပို့ သာဓုအနုမောဒနာတရား မြွက်ကြားခဲ့ကြသည်။ 

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၊ Thatluang သံဃနာယကတိပိဋကကျောင်းတိုက်တွင် နိုင်ငံတော် အကြီးအကဲများ လှူဒါန်းထားသည့် ဗုဒ္ဓဆင်းတုတော်များနှင့် သာသနိကအဆောက်အဦများကို လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

အဆိုပါအခမ်းအနားသို့ လာအိုအမျိုးသား ဖွံ့ဖြိုးရေးတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ Mr. Dr.Chanpheng Sudthivong၊ လာအိုနိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Phosy Keomanivong နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံမှရန်ကုန်မြို့သို လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် မြန်မာသံရုံးမှတာဝန်ရှိသူများက လာအိုအပြည်ပြည် ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်