နေပြည်တော်၊ ဩဂုတ် ၁၁ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်  ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ယူ ဆောင်ရွက်နေသော ယဉ်ကျေးမှုအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ဉီးစွာ ဒုတိယဝန်ကြီးသည် အင်းဝရှေးဟောင်းဒေသအတွင်း အင်းဝရှေးဟောင်း သုတေသနပြတိုက်၊ ဆင်ကျုံးခံတပ်၊ လောကသရဖူဘုရား၊ ဗားကရာကျောင်း၊ ညောင်ရမ်း ဘုရားစု (ကြောင်လိန်ဘုရား၊ လောကဒုဿမာန်အောင်ဘုရား၊ မြင်းမိုရ်တောင်ဘုရား၊ ဝင်္ကပါ ဘုရား၊ ငကျွဲနားဋောင်းဘုရား) တို့ကို လှည့်လည်ကြည့်ရှုပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားရှိရန်၊ စဉ်ဆက်မပြတ် စစ်ဆေးရန်နှင့် ဘုရားအပေါ်နှင့် ဘုရားပရဝဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပေါင်းပင်မြက်ပင်များ ရှင်းလင်းရေးတို့ကိုမှာကြားသည်။

 

 

ထို့နောက် အောင်မြေဘုံစံအုတ်ကျောင်း (မယ်နုအုတ်ကျောင်း) ပြုပြင်ထိန်းသိမ်းနေသည့် အခြေအနေကို သွားရောက်စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မယ်နုအုတ်ကျောင်း ဆေးသုတ်သည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ဆေးရောင်တစ်ပြေးညီ သုတ်မည့်အစား မုခ်ကပ်နေရာများတွင် အဖြူသုတ်ရန်နှင့် ဆေး မသုတ်မီ ချေးချွတ်မှုများ ယခုထက် ပိုမိုတိကျစွာဆောင်ရွက်ရန်မှာကြားသည်။

 

 

မွန်းလွဲပိုင်းတွင် မန္တလေးနန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် မန္တလေးနန်းမြို့ရိုး ပြာသာဒ်များ ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ဒုတိယကမ္ဘာစစ်ကာလတွင် ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပြန်လည်တည် ဆောက်ခဲ့ခြင်းမရှိသော အနောက်ဘက်နန်းမြို့ရိုး အလယ်ပေါက်၏ စည်ရှည် တံတားနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စည်ရှည်တံတားကို ပြန်လည်တည် ဆောက်မည်ဆိုပါက မူလတံတားပုံစံအတိုင်း၊ အရွယ်အစားအတိုင်း ရှေးမူမပျက်ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ခိုင်မာသည့်အထောက်အထားများ၊ ဓာတ်ပုံမှတ်တမ်းများ ပြည့်စုံစွာ ပြုစုစီမံပြီး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်