နေပြည်တော်၊ သြဂုတ် ၁၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမို ပါရှိလာသည့် တရုတ်နိုင်ငံထုတ် Fake Fur Fabric မီတာ ၁၁၅၀၀ ၊ Article of Use-Screen Net ခြင်လုံဇကာ ကီလိုဂရမ် (၃၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၃၃၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် တင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် Bacillus Clausil Spore Suspension ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေး ၁၀ ဘူးနှင့် ကိုရီးယားနိုင်ငံထုတ် Flash Lamp မီးအိမ်နှစ်ခု အပါအဝင် ကုန်ပစ္စည်း (၃၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၅၀,၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ကျိုင်းတုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ် နိုင်ငံထုတ် 100% Polyester ကီလိုဂရမ် (၁၇၀၀၀) အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၂၉၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈,၃၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၈ ရက်တွင် ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၄၂၀)၊ ဓါတ်ဆီဂါလန် (၃၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၅၆,၄၄၀) ကိုလည်းကောင်း၊ သြဂုတ် ၉ ရက်တွင် ဖျာပုံခရိုင်အတွင်း၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၇၀)၊ ဓါတ်ဆီ (၆၅) ဂါလန်၊ ဆီပန့် (၃) လုံး အပါအဝင် ဆက်စပ်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၅၈၂,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၆၃၈,၄၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းအနီး၌ လိုင်စင်မဲ့ Toyota BB မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ် ၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဗလမင်းထင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၌ မော်တော်ယာဉ်ခြောက်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် စက်သုံးဆီ ဒီဇယ်ဆီဂါလန် (၁၃၆၅၀)၊ ကြက်သွန်ဖြူ ကီလိုဂရမ် (၁၄၀၀၀)၊ စားတော်ပဲ ကီလိုဂရမ် (၂၄၀၀၀)၊ Semi-Refined Paraffin Wax ကီလိုဂရမ် (၄၀၀၀) ၊ Solar Panel 600 W (၂၁၆) ချပ်၊ Hydraulic Hose မီးကြိုး ကီလိုဂရမ် (၄၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆,၈၂၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Turck ငါးစီးနှင့် I Zone Oil Bowser ဆီသယ်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၁,၈၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် K-Broad Wireless Speaker (၃၁) လုံးအပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၃၈၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၃၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၇,၂၀၈,၄၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်