နေပြည်တော်၊ ဩဂုတ် ၁၁

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စွမ်းအင်ဝန်ကြီး ဌာန၏ အမှုထမ်း၊ အရာထမ်းအိမ်ရာများနှင့် အပျို/ လူပျိုဆောင်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 

စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများ၊ အဆောင်များတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင်သည့် အဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားရန်၊ ကျန်းမာရေးနှင့် ညီညွတ်စေရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် မိမိတို့နေထိုင်ရာ အဆောက်အဦများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ရုံးအားလပ်ရက်/ ရုံးပိတ်ရက်များတွင် စုပေါင်း ဆောင်ရွက်သည့် အလေ့အကျင့်များ၊ မိမိတို့နေထိုင်သည့် တိုက်ခန်းများ၏ သန့်ရှင်းရေး အမြဲမပြတ် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များရှိအောင် ဆောင်ရွက်ကြရန်၊ အိမ်ရာများတွင် မီးဘေးနှင့်လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ အမြဲမပြတ်ကြီးကြပ်စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်းနှင့် အိမ်ရာလုံခြုံရေးအတွက် လုံခြုံရေးသတိဖြင့် အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် နေပြည်တော်ရှိဝန်ထမ်းအိမ်ရာများနှင့် အဆောင်များရှိ ဝန်ထမ်းများ၏ စားဝတ်နေရေး အဆင်ပြေမှုရှိစေရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှုရှိစေရေးနှင့် ယခုမိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့်အိမ်ရာ အချို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး အခြေအနေများအား မေးမြန်း၍ လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်