တိုကျို၊ ဩဂုတ် ၁၁
ဂျပန်နိုင်ငံမြောက်ပိုင်း၌ အင်အားပြင်းအပူပိုင်း မုန်တိုင်းမာရီယာ ဝင်ရောက်တိုက်ခတ်နိုင်ဖွယ် ရှိသည့်အတွက် လေယာဉ်၊ မီးရထားနှင့် အဝေးပြေးကား ပြေးဆွဲမှုများကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
ဩဂုတ် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ အထိ ဂျပန်လေကြောင်းလိုင်းသည် စုစုပေါင်းခရီးစဉ် ၇၈ ခုကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ နီပွန်လေကြောင်းလိုင်းသည် အိုဆာကာနှင့် အိုမိုရီမြို့တို့ အကြားပြေးဆွဲသည့် လေကြောင်းခရီးစဉ် ရှစ်ခုကိုဖျက်သိမ်းခဲ့သည်။
ထို့ပြင် တိုဟိုကူဒေသသို့ ဦးတည်ချဉ်းကပ်လာသည့် အဆိုပါမုန်တိုင်းကြောင့် နောက်ထပ်ထွက်ခွာမည့် လေကြောင်းလိုင်းများကိုလည်း ဖျက်သိမ်းရဖွယ်ရှိကြောင်း လေကြောင်းအာဏာပိုင်များက သတိပေး ပြောကြားသည်။
အလားတူ ဩဂုတ် ၁၂ ရက်တွင် ပြေးဆွဲမည့် တိုဟိုကူရှင်ကန်ဆန်ရထားလိုင်း၊ ယာမာဂါတာ ရှင်ကန်ဆန် ရထားလိုင်းနှင့် အီကီတာရှင်ကန်ဆန် ရထားလိုင်းတို့၏ ရထားခရီးစဉ်ပြေးဆွဲမှုများကို ဖျက်သိမ်းနိုင်ကြောင်း အရှေ့ဂျပန်မီးရထားကုမ္ပဏီက ပြောကြားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုဟိုကူအဝေးပြေးလိုင်းနှင့် ဂျိုဘန်အဝေးပြေးလိုင်း၏ ခရီးစဉ်အချို့ကို ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ ပြေးဆွဲမှုရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အရှေ့နီပွန် အဝေးပြေးလိုင်းကုမ္ပဏီက ပြောကြားသည်။
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ ခရီးသွားရန် စီစဉ်နေသူများအနေဖြင့် ခရီးစဉ်ပြေးဆွဲမှုဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို စောင့်ကြည့်ရန် အာဏာပိုင်များက အကြံပြုထားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်