ရန်ကုန်၊ ဩဂုတ် ၁၁
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည် ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မသီတာအောင်နှင့် မခင်မြတ်နိုးဝင်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံရှိရဲတပ်ဖွဲ့ လူဝင်မှုကြီးကြပ်ရေးဌာန အလုပ်သမားရေးရာနှင့်စပ်လျဉ်းသည့် ဌာနများသို့ ယူအေအီးနိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံဘက်မှ ပို့ဆောင်သူများ၊ ဒူဘိုင်းဘက်မှ အေဂျင်စီများထံဆက်သွယ်၍ ကာယကံရှင်များနေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခြင်းနှင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူများအတွက် သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူနှစ်ဦးမှ မသီတာအောင်သည် ဩဂုတ် ၉ ရက်တွင် ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မခင်မြတ်နိုးဝင်းသည် ဩဂုတ် ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဒူဘိုင်း-ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ယနေ့ည ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာအထူးကျေးဇူး တင်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး


