သျှင်မေ
ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်းကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ရပ်က စီးပွားရေး ပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားရတာ ဖြစ်ပါတယ်။ ထိတွေ့ဆက်ဆံမှု ခက်ခဲတဲ့အချိန်မှာ ပညာသင်ယူတာ၊ စီးပွားရေးလုပ်ငန်းဖြန့်ကြက်တာ၊ ငွေကြေးစီးဆင်းတာ၊ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်တာ အစရှိတဲ့ ကိစ္စအတော်များများမှာ အွန်လိုင်းကနေ Virtual စနစ်နဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့အတွက် အချိန်ကုန်၊ ငွေကုန် သက်သာတဲ့အပြင် ဆုံးဖြတ်ချက်တွေကို ခပ်မြန်မြန်ချမှတ်နိုင်တာ၊ အချိန်နဲ့တစ်ပြေးညီ သတင်းအချက် အလက်တွေကို ဖြန့်ဝေနိုင်တာစတဲ့ ကောင်းကျိုးတွေ အများကြီးရရှိခဲ့ကြပါတယ်။ အွန်လိုင်းယဉ်ကျေးမှုနဲ့ ရင်းနှီးကျွမ်းဝင်လာတာနဲ့အမျှ အွန်လိုင်းကနေ မကောင်းမှုဒုစရိုက်တွေ လုပ်ဆောင်ခြင်းကလည်း တစ်နေ့တခြား မြင့်တက်လာနေပါတယ်။
အွန်လိုင်းကနေ ယုံကြည်အောင် သွေးဆောင်ဖြားယောင်းမှုကြောင့် အညွန့်ကျိုးခဲ့ရတဲ့ ဆယ်ကျော်သက်တွေ ရှိလာသလို အွန်လိုင်းပေါ်က အမုန်းတရားလှုံ့ဆော်မှုတွေကြောင့် အကြမ်းဖက်လုပ်ရပ်တွေ ပိုမို ပေါ်ပေါက်ခဲ့ရတာမျိုးတွေလည်း မိမိတို့နိုင်ငံမှာတင် မြင်လို့ကြားလို့ မဆုံးနိုင်အောင်ပါပဲ။ ဒီကာလမှာ အဆိုးရွားဆုံး အွန်လိုင်းလိမ်လည်မှုကတော့ ကျားဖြန့်လို့ခေါ်ဝေါ်ကြတဲ့ အွန်လိုင်းငွေကြေး လိမ်လည်မှုပဲ ဖြစ်ပါတယ်။ အဲဒီ ကျားဖြန့်လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ဖို့ တရားမဝင် အလုပ်သမားတွေ စုဆောင်းရှာဖွေတာနဲ့ လူကုန် ကူးတာတွေကိုလည်း သတင်းတွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။
ကျားဖြန့်ဆိုတာ တရုတ်ဘာသာစကား အသံထွက်ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ လိမ်လည်မှု၊ ငွေကြေး လိမ်လည်မှုနဲ့ ဖြားယောင်းသွေးဆောင်မှုကို ခေါ်တာပါ။ ဒါပေမယ့် တရုတ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေကတော့ ကျားဖြန့်လို့ဆိုလိုက်တာနဲ့ အွန်လိုင်းပေါ်က ငွေလိမ်လုပ်ငန်းလို့ နားလည်ထားကြပါတယ်။ ကျားဖြန့်လုပ်ငန်းဟာ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မြန်မာ၊ ထိုင်း အစရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကြီးကြီး မားမား အမြစ်တွယ်ပျံ့နှံ့နေတဲ့ ဒုစရိုက်လုပ်ငန်း ဖြစ်ပါတယ်။
ကိုဗစ်အလွန်မှာ ပိုမိုဖွံ့ဖြိုးလာခဲ့တဲ့ ကျားဖြန့်တွေကို ယခုအချိန်မှာတော့ နိုင်ငံပေါင်းချုပ် အွန်လိုင်းငွေကြေး လိမ်လည်မှုအသင်းကြီးဖြစ်နေပြီလို့ အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေး အင်စတီကျုကဆိုထားသလို တရုတ်နိုင်ငံအနေနဲ့လည်း အရှေ့တောင်အာရှနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီး ကျားဖြန့် လုပ်ငန်းတွေကို အပြီးတိုင်ရပ်ဆိုင်းသွားစေဖို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ကျားဖြန့်လုပ်ငန်းဟာ လူကုန်ကူးမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပတ်သက်နေလေ့ရှိပြီး သားကောင်ဖြစ်သွားရတဲ့ အရှေ့တောင်အာရှသား အများစုကိုလည်း ဆက်တိုက်ဆိုသလို သတင်းတွေမှာ မြင်တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာလည်း ကျားဖြန့်လုပ်ငန်းတွေကို တရားဥပဒေစိုးမိုးမှု အားနည်းရာနယ်စပ်မြို့အချို့မှာ လုပ်ကိုင်ကြတယ်လို့ သိရှိရပါတယ်။ ကျားဖြန့် လုပ်ကိုင်သူပိုင်ရှင်ဆိုသူကို အလုပ်သမားတွေ ကိုယ်တိုင် မည်သူမည်ဝါမှန်း မသိရှိရတဲ့အပြင် ဘယ်နိုင်ငံသားဖြစ်တယ်၊ ဘယ်နိုင်ငံမှာရှိတယ် ဆိုတာမျိုးတောင် မသိကြရဘဲ သူဌေးလူယုံများနဲ့သာ လုပ်ကိုင်ကြရတယ်လို့ ကျားဖြန့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေထံက သိရပါတယ်။ နေ့စဉ်နဲ့ အမျှ ကွန်ပျူတာဖန်သားပြင်ကနေ သားကောင် (လိမ်လည်ခံရမယ့်သူ)ကို ရှာဖွေကြရပြီး လစာအပြင် လူရှာခသီးသန့်ခံစားခွင့်ရပါတယ်။ ဒါပေမယ့် သတ်မှတ်သားကောင် ပြည့်အောင်မရှာနိုင်ရင် လစာ ဖြတ်တာ၊ နှိပ်စက်ညှဉ်းပန်းခံရတာမျိုးကိုလည်း ကြုံကြရတတ်ပါတယ်။
ကမ္ဘာတစ်လွှားကူးစက်လာတဲ့ ကျားဖြန့်အန္တရာယ်
ကျားဖြန့်တွေမှာ အွန်လိုင်းဂိမ်းတွေအပြင် စတော့ဈေးကွက်ကစားတာ၊ ဝက်ဘ်ဆိုက်ထဲဝင်ရောက်ပြီး ကလစ်နှိပ်တာ၊ ပါဆယ်ပို့ပေးမယ်၊ ငွေကြေးချေးယူခွင့်ပေးမယ်စသည်ဖြင့် ငွေကြေးနဲ့ ဖြားယောင်းလို့ လိမ်လည်တာ၊ အွန်လိုင်းဈေးကွက် သင်တန်းတွေပေးမယ်ဆိုပြီး လိမ်လည်တာ၊ AI နည်းပညာအသုံးပြုပြီး အမည်ကျော်ကြားသူတွေကို ချဉ်းကပ်၊ အရှက်တကွဲအကျိုးနည်းဖြစ်အောင် ခြိမ်းခြောက်တာစသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ တစ်ဖက်မှာလည်း သူတို့လုပ်ငန်း ကျယ်ပြန့်နိုင်အောင် လုပ်သားစုဆောင်းတာတွေ၊ လူကုန်ကူးတာ တွေကိုလည်း လုပ်ဆောင်လေ့ရှိပါတယ်။
မိမိတို့နိုင်ငံမှာ အလားတူ လိမ်လည်မှုတွေကို ကြုံနေရသလို အခုနောက်ပိုင်းမှာ အရှေ့တောင်အာရှ နိုင်ငံတွေအပြင် အနောက်နိုင်ငံတွေဆီကိုပါ ကူးစက်လိမ်လည်နေကြပြီလို့ သိရှိရပါတယ်။ နေ့စဉ်နဲ့အမျှ မိမိတို့ လူမှုကွန်ရက်မှာ အသုံးပြုသူ အကောင့်အသစ် တွေကို ကြုံကြတဲ့အခါ ချောမောလှပတဲ့ မိန်းမပျို လေးတွေ၊ ယောကျ်ားပီသတဲ့ အမျိုးသားလေးတွေ ကို မကြာခဏမြင်ဖူးကြမှာပါ။ အများစုက ဖန်တီး ထားတာသာဖြစ်ပြီး အကောင့်တုတွေပါ။ မိတ်ဆွေ ဖွဲ့လာပြီး သူတို့အလုပ်အကိုင်တွေ အဆင်ပြေနေ ကြောင်း ပြောဆိုလို့ နည်းလမ်းကောင်းပေးမယ် ဆိုလို့ကတော့ ကျိန်းသေလိမ်လည်မှုစတင်ပါပြီ။ ဒါ့အပြင် နည်းပညာအသုံးပြုပြီး ဘာသာစကား ဖလှယ်ထားတဲ့ မြန်မာသဒ္ဒါမကျတဲ့ စာသားတွေနဲ့ ကြော်ငြာမျိုးစုံကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒါတွေအားလုံးက လိမ်လည်နေတယ်ဆိုတာကို သတိပြုကြဖို့ လိုပါတယ်။
သားကောင်ဖြစ်ရတဲ့အပြင် လိမ်လည်မှုအတွက် အမှုရင်ဆိုင်နေရသူ
ပြီးခဲ့တဲ့ဇူလိုင်လ လကုန်ပိုင်းက မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး ဖိလစ်ပိုင်နိုင်ငံကို ပြန်လည် ပို့ဆောင်ခံရသူ တစ်ဦးအကြောင်း ပြောပါရစေဦး။ ဒီဖြစ်စဉ်ကတော့ မြန်မာနိုင်ငံကနေ လူကုန်ကူးခံရလို့ ဖိလစ်ပိုင်ကို ပြန်ပို့ပြီးတဲ့နောက်မှာ သူက ဖိလစ်ပိုင်နိုင်ငံသားလည်းမဟုတ်ဘဲ တရုတ်နိုင်ငံသား ဖြစ်နေခဲ့တာပါ။ သူက ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ တရုတ်နိုင်ငံကူးလက်မှတ်နဲ့ ဖိလစ်ပိုင်ကနေ ထိုင်းနိုင်ငံကို ရောက်ခဲ့သူပါ။ သူနဲ့အပေါင်းပါ သုံးဦး က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ကြပါ တယ်။ သူတို့က ကျားဖြန့်လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ဝင်စလအတွက်သာ လစာရရှိခဲ့ပြီး ပြစ်ဒဏ်ပေးမှုတွေကိုလည်း ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်ကို တရားမဝင် ပြန်လည်ဝင်ရောက်ပြီး လွတ်မြောက်နိုင်ဖို့ ဘတ်နှစ်သောင်းလောက် ပေးခဲ့ရပေမယ့် ထိုင်းလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက သုံးလအကြာ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရပါတယ်။
သူက တရားမဝင်နည်းလမ်းနဲ့ ဖိလစ်ပိုင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားလို့ သူ့ကို ဖိလစ်ပိုင်နိုင်ငံသားလို့ ထင်မှတ်တဲ့အတွက် ထိုင်းနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံ နီနွိုင်း အကွီနို လေဆိပ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးမှုတွေအရ ဖိလစ်ပိုင်နိုင်ငံသား မဟုတ်ဘဲ တရုတ်နိုင်ငံသားဖြစ်ကြောင်း၊ တရုတ် နိုင်ငံကူးလက်မှတ်ကိုအသုံးပြုကာ တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းခံရမှာစိုးရိမ်လို့ လိမ်လည်ခဲ့တာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
သူက အသက် ၄၁ နှစ်ရှိတဲ့ မစ္စတာကင်းဆိုသူ ဖြစ်ပါတယ်။ သူ့အနေနဲ့ လူကုန်ကူးခံရပြီး ခါးသီးတဲ့ အတွေ့အကြုံအပြင် လိမ်လည်မှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်များစွာကိုလည်း ရင်ဆိုင်ရတော့မှာပါ။ တရုတ်နိုင်ငံသားတွေအနေနဲ့ အွန်လိုင်းဂိမ်းလိုမျိုး ကျားဖြန့်တွေမှာ ပါဝင်ပတ်သက်မယ်ဆိုရင် တရုတ်နိုင်ငံကို ပြန်ခေါ်ဆောင်ခြင်းခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းခံရနိုင်တဲ့အတွက် အခြားနိုင်ငံသားအဖြစ် လိမ်လည်ထွက်ဆိုတာ၊ ထိန်းသိမ်းထားတဲ့နေရာကနေ နည်းလမ်းအမျိုးမျိုးနဲ့ လွတ်မြောက်ဖို့ ကြိုးပမ်းတာတွေ ရှိနေတယ်လို့ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားတာကို တွေ့ရှိရပါတယ်။
ကူညီကယ်တင်ပေးနိုင်ဖို့ ဆောင်ရွက်နေ
ဒါ့အပြင် ဖိလစ်ပိုင်သံရုံးက မကြာသေးမီက မိမိတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားစာတစ်စောင် ပေးပို့လာခဲ့ပါသေးတယ်။ ဖိလစ်ပိုင်နိုင်ငံသား ၂၀ က ကရင်ပြည်နယ် မြဝတီမြို့ကို တရားမဝင် ပို့ဆောင်ခြင်းခံရတာမို့ သူတို့ကိုကူညီကယ်တင်ပြီး နေရပ်ပြန်နိုင်ရေး ပူးပေါင်းပေးနိုင်ဖို့ အကြောင်းကြားခဲ့တာပါ။ သူတို့အဆိုအရ ဖိလစ်ပိုင်နိုင်ငံသားအချို့ အလုပ်ရှင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုခံနေရတယ်လို့လည်း သိရှိရပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင်ဝင်ရောက်ပြီး ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို ဥပဒေနဲ့အညီ အမြန်ဆုံးပြည်နှင် လွှဲပြောင်းမှုကြီးကြပ်ရေးဗဟို ကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။
နိုင်ငံတော်အစိုးရဘက်ကလည်း ကျားဖြန့်ကိစ္စရပ်ကို သိရှိပြီးနောက်မှာ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နှိမ်နင်းလျက်ရှိပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက် ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ အပါအဝင် အခြားနိုင်ငံသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးနိုင်ခဲ့တယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရားဝင် သတင်းထုတ်ပြန်ပေးခဲ့ပြီး ဆက်လက်၍လည်း ကျားဖြန့် တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
မိမိတို့နိုင်ငံမှာ ကျားဖြန့်တိုက်ဖျက်ရေးဆိုပြီး ခေါင်းစဉ်တပ်ရာကနေ နယ်မြေလုကြတဲ့ MMDAA အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေလည်း အထိနာနေရပါတယ်။ ဒါ့အပြင် ငွေကြေးလိမ်လည်သူတွေကြောင့် မသိနားမလည်တဲ့ ပြည်သူအချို့လည်း အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုဒဏ်ကို ခံစားနေကြရပါတယ်။ ဒါကြောင့် အလိမ်အညာခံရခြင်းကနေ လွတ်မြောက်အောင် နေထိုင်ကြပြီး မိမိတို့ကိုယ်တိုင်ကလည်း ကျားဖြန့်လုပ်ငန်းတွေနဲ့ မပတ်သက်ကြဖို့၊ မိမိပတ်ဝန်းကျင်က ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူတွေကိုလည်း ဖော်ထုတ်ပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။