ထားဝယ် ဩဂုတ် ၁၂

“စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး”ဟူသည့် ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး တက္ကသိုလ်/ ဒီဂရီကောလိပ်အဆင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအားလည်းကောင်း ဆုများချီးမြှင့်ပြီး နည်းပညာတက္ကသိုလ် (ထားဝယ်)နှင့် ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)တို့မှ ကျောင်းသား ကျောင်းသူများက လူငယ်ဂုဏ်ပြု တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအကဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)