ညောင်ဦး ဩဂုတ် ၁၂
၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအသီးသီး၌ ဆင်စခန်းတာဝန်ခံနှင့် ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များဦးဆောင်ကာ ဆင်စာဘူဖေး ကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကို ကြိုဆိုခဲ့ကြကြောင်း ဆင်စခန်းတာဝန်ခံများထံမှ သိရသည်။
ကမ္ဘာပေါ်ရှိ ဆင်များအား ကာကွယ်ထိန်းသိမ်းကြရန်ရည်ရွယ်ကာ ၂၀၁၂ ခုနှစ် ဩဂုတ် ၁၂ ရက်မှ စတင်ပြီး ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံ အခြေစိုက် Elephant Reintroduction Foundation တို့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် Wildlife Organizations နိုင်ငံပေါင်း ၇၀ ကျော် ရှိနေပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောပြသည်။
ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း ၂၄ ခုလုံး၌ ဆင်စာဘူဖေးကျွေးခြင်းများ ကျင်းပခဲ့ကြပြီး ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့ကို ဘူဖေးကျွေးခဲ့ကြောင်း ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးညီညီအောင်၏ ပြောပြချက်အရ သိရသည်။
ဒီပါလင်း


