ဩဂုတ် ၁၂

ယူဂန္ဓာနိုင်ငံအလယ်ပိုင်းကမ်ပါလာမြို့တွင် အမှိုက်ပုံပြိုကျမှုကြောင့်  သေဆုံးသူ ၁၈ ဦးရှိလာကြောင်း ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဒုက္ခသည်များဆိုင်ရာ ပြည်နယ်ဝန်ကြီးက ယမန်နေ့ကပြောသည်။

အဆိုပါအမှိုက်ပုံပြိုကျမှုကြောင့် ဩဂုတ်လ ၁၀ ရက်နေ့က သေဆုံးသူရှစ်ဦးရှိသည်ဟု ကနဦးဖော်ပြချက်အရ သိရသည်။ အစိုးရအဖွဲ့က အစားအစာ၊ အမိုးအကာများယူဆောင်ပြီး အသက်ရှင်ကျန်ရစ်သူများအား ဘေးကင်းရာနေရာများသို့ ပို့ဆောင်ပေးရန် လုပ်ဆောင်လျက်ရှိသည်ဟု ထိုဝန်ကြီးကထပ်လောင်းပြောသည်။

၁၉၉၆ ခုနှစ်ကတည်ရှိခဲ့သော Kiteezi အမှိုက်ပုံ၏ အကျယ်အဝန်းသည် (မြေဟက်တာ ၁၄) ၃၆ ဧက ရှိကြောင်းနှင့် ယူဂန္ဓာနိုင်ငံ၏မြို့တော်ကမ်ပါလာတွင် လူဦးရေ ၁ ဒသမ ၈၇ သန်းရှိပြီး ထိုအမှိုက်ပုံသည် ယင်းမြို့တော်၏ဒေသကြီး ငါးခုစလုံးမှစုပုံခဲ့သော အမှိုက်ပုံဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတက ၎င်းအန္တရာယ်ဇုံရှိ အိမ်ထောင်စုအားလုံးအားဖယ်ရှားရေးညှိနှိုင်းဆောင်ရွက်ရန်၊ သေဆုံးသွားသူများအတွက် သေဆုံးသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ စီနှင့် ဒဏ်ရာရရှိသူတိုင်းအတွက် ၂၆၅ ဒေါ်လာပေးအပ်သွားရန် ဝန်ကြီးချုပ်အား  ညွှန်ကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို