ဩဂုတ် ၁၂

ယီမင်နိုင်ငံတွင် မကြာသေးမီက မိုးများသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ယမန်နေ့ကအထိ သေဆုံးသူ ၆၁ ဦး ရှိလာကြောင်း ရွှေ့ပြောင်းဒုက္ခသည်စခန်းများ စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံ၏အရှေ့မြောက်ဘက် မာရစ်ဘ်ပြည်နယ်တွင် ရာသီဉတုအခြေအနေများဆိုးရွားမှုကြောင့် ရွှေ့ပြောင်းဒုက္ခသည် လေးဦးသေဆုံးပြီး အခြားလူ ၂၀ ဒဏ်ရာရရှိခဲ့သည်ဟု ထိုဌာနကဆိုသည်။

မာရစ်ဘ်ပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့မိသားစု ၇၀၀၀ ကျော်သည်  မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းများတိုက်ခတ်မှုနှင့် မိုးကြိုးပစ်မှုတို့ကြောင့် ထိခိုက်မှုရှိကြောင်း သိရသည်။ ထိုပြည်နယ်ရှိ ရွှေ့ပြောင်းဒုက္ခသည်များနှင့် ဒုက္ခသည်စခန်း ၄၁ ခုရှိ မိသားစု ၄၂၀၆  မှာ တစ်စိတ်တစ်ပိုင်းထိခိုက်မှုရှိပြီး မိသားစု ၂၉၇၃ မှာ လုံးဝထိခိုက်မှုရှိကြောင်း ဖော်ပြထားသည်။

ယီမင်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများပြားသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေ့ပြောင်းဒုက္ခသည် မိသားစု ၃၄၂၆၀ စုပြုံထိခိုက်ခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ယမန်နေ့က ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။ အခြေအနေပိုမိုဆိုးရွားလာသဖြင့် မိုးလေဝသဌာနက နိုင်ငံတစ်ဝန်းရှိနိုင်ငံသားများအား ချောင်းများကို ရှောင်ရှားကြရန်နှင့် သတိဖြင့်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားပြီး သတိပေးချက်များ ထုတ်ပြန် ထားသည်။

နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်း အထူးသဖြင့် ကုန်းမြင့်ဒေသများတွင် လေပြင်းများတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံမှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို