နေပြည်တော်၊ ဩဂုတ်   ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)  ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင် ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဉီးစွာဒုတိယဝန်ကြီးသည် သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ခရေလောကန်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်  သမ္ဘူလကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့်  ကန်သစ်ကန် (ပြာသာဒ်ကန်) တို့သို့ သွားရောက်၍ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေလမ်းကြောင်း အမှတ် - ၁ ရှိ ရေမြောင်းများ ပြန်လည်ဆယ်ယူထိန်းသိမ်းထားမှု၊ နန္ဒာကန် တူးဖော်ဆယ်ယူပြီးစီးမှုနှင့် အကာအရံ ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး၍ နန္ဒာကန်၏ အကာအရံဆောင်ရွက်ထားမှုကို အာနန္ဒာဘုရား ဂေါပကအဖွဲ့က ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ 

 

mdn

 

ထို့နောက် ပုဂံမြို့ဟောင်း အရှေ့ဘက်ကျုံးတူးဖော်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှဆောင်ရွက်မည့် မြောက်ဘက်ကျုံးတူးဖော်ရန်နေရာကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ တူးဖော်သုတေသနပြု မှတ်တမ်းထားရှိနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အာနန္ဒာဘုရားကို ဖူးမြော်ကြည်ညိုပြီး  နိုင်ငံတော် အကြီးအကဲ လမ်းညွှန်မှာကြားချက်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အပြင်လိုဏ်ပတ်လမ်း ပတ်လည်ရှိ ဗုဒ္ဓဝင်ဇာတ်တော်များ၏ Caption များတွင် အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားရန်၊ မြန်မာဘာသာ Cap Board ကို အနုလက်ရာ လှပသေသပ်စွာ ပြုလုပ်ရန်၊ ဗုဒ္ဓခြေတော်ရာပေါ်တွင် အလှူငွေတင်လှူမှုများ မပြုစေရေးနှင့် အလှူခံပုံး သီးသန့်ထားရှိ ဆောင်ရွက်ရန်မှာကြား‌သည်။

 

mdn

 

ဆက်လက်၍ အိန္ဒိယနိုင်ငံအစိုးရ အကူအညီဖြင့် Archaeological Survey of INDIA (ASI) အဖွဲ့မှ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံအမှတ် (၁၇၉၁) ရွာဟောင်းကြီး ဘုရားတွင် နံရံပန်းချီပိုင်းနှင့် အဆောက်အအုံ ကြံ့ခိုင်မှုဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်သက်၍ အိန္ဒိယပညာရှင်အဖွဲ့က အသေးစိတ်ရှင်းလင်းတင်ပြရာ လက်ရာကောင်းကောင်းဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဌာနကပါ ပူးပေါင်းဆောင်ရွက်ရန်နှင့် အိန္ဒိယအဖွဲ့၏ ပညာရပ်ဆိုင်ရာများပါ ရရှိအောင်လေ့လာရန် မှာကြားသည်။ 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ရွာဟောင်း ကြီးကန်၊ ရေတော်မုနိကန် တူးဖော်ဆယ်ယူမှုကို ကြည့်ရှုစစ်ဆေးပြီး စိစစ်အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်