နေပြည်တော်၊ ဩဂုတ် ၁၂

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစစ်ဆေးပြီး စက်ရုံစားရိပ်သာ၌ ကျင်းပသည့် စက်ရုံရှိအရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံထိတွေ့ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အတွက်လိုအပ်သော သံမဏိ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်၍ မိမိတို့၏အလုပ်ကို ဂုဏ်ယူစွာဖြင့် ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် တစ်ဦးချင်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်ရန် လိုအပ်၍ လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ပြီး အသိပညာများကိုလည်း ဝန်ထမ်းအချင်းချင်း ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းတိုင်းတွင် ဆောင်ရွက်စဉ် အခက်အခဲများသည် မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ကြရမြဲဖြစ်ရာ စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးနှင့် အရာထမ်းများ၊ စက်ရုံတည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အမျိုးသားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ပညာရှင်များလာရောက် စစ်ဆေးမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန်၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊ အချိန်ဇယားတို့ကို လက်တွေ့ကျကျ ရေးဆွဲ ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ စက်ရုံမှူးက ခါးပြတ်မီးဖိုတည်ဆောက်၍ သံရည်ကျိုလုပ်ငန်းများ စမ်းသပ် ဆောင်ရွက်နေမှု၊ စက်ရုံတည်ဆောက်ရေး စီမံကိန်းအဖွဲ့က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လျှပ်စစ်နှင့် ဘွိုင်လာများ စစ်ဆေးခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။ 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒုတိယရေတွန်းအလုပ်ရုံရှိ ရေဂါလန် (၄၆) သိန်းဆံ့ ရေကန်သို့ သန့်စင်ပြီးရေများ တင်ပို့နေမှု၊ အလိုအလျောက် မီးငြိမ်းသတ်ရေး အလုပ်ရုံရှိ စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု အခြေအနေ၊ သံရည်ကျိုအလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်