နေပြည်တော်၊ ဩဂုတ် ၁၂

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့် နည်းပြသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ (၃) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား အရာရှိများတက်ရောက်ကြသည်။ 

ဉီးစွာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အတွင်းရေးမှူး (၁) ဒုတိယဝန်ကြီးက သင်တန်းသား အရာရှိများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်အဆင့်နည်းပြသင်တန်းများနှင့် မြို့နယ် အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းများဖွင့်လှစ်ပို့ချရာတွင် သင်တန်းမှပို့ချချက်များနှင့် အတွေ့အကြုံများကိုမျှဝေ၍ အဆင့်ဆင့်ကြီးကြပ် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် တစ်လကျော်သာ လိုတော့သည့်အတွက် ဆင့်ပွားသင်တန်းများနှင့် စီမံချက်ပါ လုပ်ငန်းစဉ်များကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိလာသည့် အချက်အလက်များမှန်ကန်မှသာ နိုင်ငံ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မဲစာရင်းပြုစုရာတွင်လည်း အထောက်အကူပြုမည့် တိကျသည့် အချက်အလက်များဖြစ်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသားများသည် နည်းပြတာဝန်များကို မိမိတို့၏ အတွေ့အကြုံများနှင့် သင်ခန်းစာ ပို့ချချက်များပေါင်းစပ်ကာ လုပ်ငန်းများ အောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းမှာ ကြားသည်။ 

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားအရာရှိများကို တိုင်းဒေသကြီး/ ပြည်နယ်အဆင့် နည်းပြ ခန့်အပ်လွှာများကိုပေးအပ်သည်။ 

အဆိုပါ ဗဟိုအဆင့် နည်းပြသင်တန်းကို ဩဂုတ် (၁) ရက်မှစ၍ သင်တန်းကာ (၁၀) ရက်ကြာ သင်တန်းသား အရာရှိ (၅၅) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းနည်းပြအရာရှိများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆင့်ပွားသင်တန်းများကို စီမံချက်အတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်