နေပြည်တော်၊ ဩဂုတ် ၁၂
ဆေးဝါးဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုမရှိစေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအတွက် ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနား မြို့နယ်၊ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။
ကြည့်ရှုအားပေးစဉ် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းကြိုင်နှင့် တာဝန်ရှိသူများက ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအတွက် ဆေးဝါးများ တိုက်ရိုက်ရောင်းချပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲတွင် ဆေးကုမ္ပဏီ ၃၇ ခုဖြင့် ဩဂုတ် ၁၂ ရက်မှ ၁၇ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


