နေပြည်တော်၊ ဩဂုတ် ၁၂
(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပမှ ပုလဲလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြသူများသည် နိုင်ငံအလိုက် တောင်ပင်လယ်ပုလဲထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ပုလဲများထုတ်လုပ်မှု၊ ရောင်းချနိုင်မှုနှင့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲအခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ပုလဲအတွဲများနှင့် ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုကြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲကို ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ တောင်ပင်လယ် ပုလဲအလုံးပေါင်း (၁၇၅၀၀၀)၊ အတွဲ (၇၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲ၌ ဩဂုတ် ၁၃ ရက်တွင် တင်ဒါအမှတ် (၁) ဖြစ်သည့် ပုလဲအတွဲအမှတ် (၀၀၁) မှ (၁၁၅) တွဲအထိ ပုလဲအတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ် (၂) ဖြစ်သည့် ပုလဲအတွဲအမှတ် (၁၁၆)မှ (၂၃၀) တွဲအထိ ပုလဲအတွဲ (၁၁၅) တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ဩဂုတ် (၁၄) ရက်တွင် တင်ဒါအမှတ် (၃) ဖြစ်သည့် ပုလဲအတွဲအမှတ် (၂၃၁) မှ (၃၄၅) တွဲအထိ ပုလဲအတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ် (၄) ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆) မှ (၄၆၀) အထိ ပုလဲအတွဲ (၁၁၅) တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ဩဂုတ် (၁၅) ရက်တွင် တင်ဒါ အမှတ် (၅) ဖြစ်သည့် ပုလဲအတွဲအမှတ် (၄၆၁) မှ (၅၈၀) အထိပုလဲအတွဲ (၁၂၀) တွဲနှင့် တင်ဒါ အမှတ် (၆) ဖြစ်သည့် ပုလဲအတွဲအမှတ် (၅၈၁) မှ (၇၀၀) အထိ ပုလဲအတွဲ (၁၂၀) တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





