တိုကျို ဩဂုတ် ၁၂

 

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ အပူပိုင်းမုန်တိုင်း မာရီယာဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းအရသိရသည်။

 

ယင်းမုန်တိုင်း၏ နောက်ဆက်တွဲအဖြစ် မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြောကြားသည်။ အိုင်ဝါတီနှင့် အေမိုရီ စီရင်စုအတွင်း ဒေသအချို့မှ ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအတွက် ဒေသန္တရတာဝန်ရှိသူများက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

 

အိုင်ဝါတီစီရင်စု ကမ်းရိုးတန်းတစ်လျှောက် ယင်းမုန်တိုင်း၏ အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း မိုးရေချိန် ၄၅၀ မီလီမီတာ အထိ ရွာသွန်းနိုင်သဖြင့် နောက်ဆက်တွဲအဖြစ် ဆည်ကျိုးပေါက်မှု ကြောင့် ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ရန် တိုက်ကီဆည်မှ ရေများကို အရေးပေါ်ဖောက်ထုတ်ခဲ့ရကြောင်းနှင့် ယင်းဒေသအနီးတွင် နေထိုင်သူများအား ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် သတိပေးချက်များထုတ်ပြန်ထားကြောင်း သိရသည်။

 

အရှေ့ဂျပန်ရထားကုမ္ပဏီသည် ယင်းပြေးဆွဲနေသည့် အာကီတာ ရှင်ကားဆန်းမီးရထားလိုင်းကို ပြေးဆွဲမှုခေတ္တရပ်ဆိုင်းထားခဲ့ပြီး အခြားမီးရထားလိုင်းများကိုလည်း ပြေးဆွဲမှုခေတ္တ ရပ်ဆိုင်းထားမည်ဟု သိရသည်။ တိုဟူကူဒေသမှ လေကြောင်းလိုင်းများကိုလည်း ပြေးဆွဲမှုရပ်ဆိုင်းထားကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - စိုးသူရ