ညွန့်ဝင်း(နတ်တလင်း)

 

ကျန်းမာသော လူ့အဖွဲ့အစည်းဖြစ်လာရေး

 

ယခုအခါ အခြေခံပညာကျောင်းများဖွင့်လှစ်၍ ပညာသင်နှစ်ပြန်လည်စတင်ခဲ့သည်မှာ  သုံးလတာကာလထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဤတွင် ကျောင်းသား ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာ သင်ယူနိုင်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ “အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု သိမှတ်ထားကြပါသည်။ ကျန်းမာမှသာ လူမှုကိစ္စအဝဝကို ကောင်းမွန်စွာဆောင်ရွက်နိုင်သော ကြောင့်ပင်ဖြစ်သည်။ ကျန်းမာသော လူ့အဖွဲ့အစည်းဖြစ်လာရေးသည် တစ်ဦး ချင်းစီ၏ ကျန်းမာရေးအဆင့်မြှင့်တင်ပေးနိုင်မှုအပေါ် မူတည်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျန်းမာရေး အလေ့အကျင့်ကောင်းများသည် ကျောင်းသားအရွယ်မှစတင်၍ ဆောင်ရွက်နိုင်မှသာ အနာဂတ် လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းမှုရလဒ်များ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 

ကျောင်းတိုင်း ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရန် ကျောင်းသား ကျောင်းသူများ သိရှိလိုက်နာရမည့် ကျန်းမာရေး အလေ့အကျင့်ကောင်းများ၊ ရောဂါကာကွယ်တားဆီးရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ၊ အာဟာရပြည့်ဝရေး ဗဟုသုတများကို ဖြန့်ဖြူးပေးရမည်ဖြစ်သည်။ ကျောင်းကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းစဉ်များတွင် -

 

(၁) ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်းများ၊

(၂) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊

(၃) ရောဂါကာကွယ်ရေးလုပ်ငန်းများ၊

(၄) ကျောင်းတွင်း အာဟာရ ဖွံ့ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ် ကင်းဝေးရေးလုပ်ငန်း၊

(၅) ကျောင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊

(၆) ကာယနှင့် အားကစားလုပ်ငန်းများလုပ်ဆောင်ပေးရန်တို့ ပါဝင်ပါသည်။

 

ကျောင်းသားလူငယ်များ ကောင်းစွာ ပညာသင်ယူနိုင်ရန် ကျန်းမာကြံ့ခိုင်မှုရှိရမည်။ ကျန်းမာရေးကောင်းမှသာ ကျောင်းမှန်မှန်တက်၍ စာမှန်မှန် ကျက်နိုင်မည်။ ကျန်းမာရေးကောင်းမွန် ရန် ကိုယ်ခံအားကောင်းရမည်။ ကိုယ်ခံ အားကောင်းလျှင် အနာရောဂါများ အလွယ်တကူ မဝင်ရောက်မကူးစက်နိုင်။ ကိုယ်ခံအားကောင်းစေရန် ဆောင်ရမည့်၊ ရှောင်ရမည့်လုပ်ငန်းများကို ကလေးများ သိရှိနားလည်လိုက်နာနိုင်ရန် လိုအပ်ပါ သည်။ ကျန်းမာရေးအသိပညာများကို ကျောင်းသား ကျောင်းသူများ သိရှိလိုက်နာနိုင်ရေး၊ ဆက်စပ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းအားလုံး လိုက်နာနိုင်ရေး အတွက် ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရပေမည်။ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေးသည် ကျန်းမာရေး အတွက် အခြေခံကျသောအချက်များ တွင် ပါဝင်သည်။ ကျန်းမာရေးပူးပေါင်း အဖွဲ့များအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ တစ်ကိုယ်ရေကျန်းမာ ရေးကို ပုံမှန်စစ်ဆေးပေးခြင်း၊ ကျန်းမာ ရေးပညာပေးဟောပြောခြင်းများ ဆောင် ရွက်ပေးရမည်။ ကျောင်းနှင့် ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်ပုံးများ စနစ်တကျထားရှိရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်သည်။ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရန်နှင့် အိမ်သာသန့်ရှင်းရေး နေ့စဉ်ဂရုစိုက် ကြပ်မတ် ဆောင်ရွက်ရန်၊ အိမ်သာတက်ပြီးလျှင် ဆပ်ပြာနှင့် စနစ်တကျလက်ဆေးတတ်ရန် ညွှန်ကြား ပြသပေးရန် လိုအပ်ပေသည်။

 

ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်ဖြစ်ရန် အမြဲမြှင့်တင် ဆောင်ရွက်ကြရပေမည်။ ဥပမာ-စာသင်ခန်းအတွင်း၌ ယခင်က ကျောက်သင်ပုန်းနှင့် မြေဖြူကိုသာ အသုံးပြုခဲ့သော်လည်း ယခုအခါ White board နှင့် Marker pen တို့ကို ပြောင်းလဲ သုံးစွဲနိုင်အောင် ကြိုးစားခြင်းမျိုးဖြစ်သည်။ အတန်းအတွင်းအပြင် နေ့စဉ် သန့်ရှင်းရုံမက ကျောင်းသား ကျောင်းသူများ နေ့စဉ်သောက်သုံးရေ သန့်ရှင်းရေးသည်လည်း အထူးလိုအပ်သည်။ သောက်သုံးရေ သန့်ရှင်းရေး၊ ရေကောင်း ရေသန့်ရရှိရေး မဖြစ်မနေ စီမံဆောင် ရွက်ကြရပေမည်။ ကျန်းမာရေးနှင့်ညီညွတ် သောရေရရှိရန် ရေအရင်းအမြစ်များ၏ အရည်အသွေးကို စစ်ဆေးမှုပုံမှန်လုပ်ပေးရန်နှင့် ဆီလျော်သော သန့်စင်မှုပြုလုပ် ပေးနိုင်ရန် လိုအပ်ပါသည်။ ကျောင်းများ တွင် ရေသန့်စက်များ တပ်ဆင်ပေးခြင်းနှင့် အလျဉ်မီအောင် ရေသန့်ထုတ်လုပ် ပေးနိုင်ရေး အဆင့်ဆင့် ဆောင်ရွက်ကြရမည်။ သောက်သုံးရေ အမြဲသန့်စင်နေရန် နေ့စဉ်အလှည့်ကျလဲလှယ်ခြင်း၊ သန့်ရှင်း ရေးပြုလုပ်ပေးခြင်းတို့ လိုအပ်သည်။

 

ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကလည်း အရေးကြီး

 

ကျောင်းကျန်းမာရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကလည်း အရေးကြီးပေသည်။ ရောဂါကာကွယ်ရေးတွင် ကူးစက်တတ်သောရောဂါ နှင့် မကူးစက်တတ်သောရောဂါတို့ကို ကာကွယ်နိုင်ရန် ကြိုတင်စီမံချက်ရေးဆွဲ ဆောင်ရွက်ရမည်။ ခြင်ပေါက်ပွားမှု အများဆုံးဖြစ်သော မိုးရာသီတွင် ကျောင်းဝန်းကျင် ရေစီးရေလာကောင်း မွန်အောင် ရေမြောင်းများ တူးဖော်ခြင်း၊ ဆယ်ခြင်းတို့ ပြုလုပ်ရမည်။ ခြင်ပေါက် ပွားနိုင်မည့် ရွှံ့ဗွက်၊ ရေအိုင်များဖို့ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခုတ်ထွင်ခြင်း၊ ရေကန်များကို ခြင်လုံအောင် ဖုံးအုပ်ခြင်း၊ ရေလှယ်ခြင်း၊ သီတင်းပတ် နောက်ဆုံးရက်များတွင် ကျောင်းဝန်းကျင်နှင့် စာသင်ခန်းများကို ခြင်ဆေးဖျန်းခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ကင်းဝေးမည်ဖြစ်သည်။

 

ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ကျောင်းတက်နိုင်ရန်အတွက် အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ရမည်။ ကျောင်းသား လူငယ်မောင်မယ်များ အာဟာရပြည့်ဝစေရန် ထမင်း(ကစီဓာတ်)အပြင် ကြက်ဥ၊ နွားနို့၊ အဆီ၊ အသား၊ ပဲမျိုးစုံ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ စုံလင်မျှတစွာ စားသုံးရန် အသိပညာပေးရမည်။ အခြားနိုင်ငံများတွင် မူလတန်း အရွယ်ကလေးများကို နေ့စဉ်နို့တစ်ခွက်တိုက်ကျွေးသည့် အစီအစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ နို့သည် အာဟာရပြည့်ကာ အရပ်ရှည်စေ၍ ကျန်းမာကြံ့ခိုင်စေသည်။ ဒုတိယကမ္ဘာစစ်ကာလက ငပုဟု အခေါ်ခံခဲ့ရသော ဂျပန်လူမျိုးများသည် ယခုအခါ ကမ္ဘာ့စံချိန်မီအရပ်များ ဖြစ်နေ ကြောင်း တွေ့နိုင်သည်။ ၎င်းမှာ ဂျပန် တို့သည် ကျောင်းနေအရွယ် ကလေးငယ် များကို နို့ပုံမှန်တိုက်ကျွေးခြင်းနှင့်အတူ အာဟာရပြည့်ဝအောင် ဆောင်ရွက်ပေး နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာအားကစားသမား လူငယ်များသည် အခြားနိုင်ငံမှ အားကစားသမားများနှင့် ကိုယ်ကာယချင်းနှိုင်းယှဉ်လျှင် သန်မာထွားကျိုင်းမှုမမီသေးကြောင်း တွေ့ရ သည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာစေရန် ကျောင်းသား အရွယ်မှစ၍ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များကို အလေးပေးဆောင်ရွက်ရမည် ဖြစ်သည်။

 

ကျောင်းကျန်းမာရေးသုတေသနကို ဆောင်ရွက်

 

မြန်မာနိုင်ငံ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းအခြေပြုကျောင်း ကျန်းမာရေးသုတေသန (Global School Health Survey)ကို ဆောင်ရွက် ခဲ့သည်။ ထိုသုတေသနကို ဆောင်ရွက်ခြင်းမှာ ၁၃ နှစ်မှ ၁၇ နှစ်အတွင်း ကျောင်းသားလူငယ်များ အစားအသောက် ဆိုင်ရာ အလေ့အထများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ စိတ်ကျန်းမာရေး၊ ကိုယ်လက်လှုပ်ရှားကစားခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုနှင့်ပတ်သက်သော အသိပညာများ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုများ စသည့် အကြောင်း ခြင်းရာများကို သိရှိရန်ဖြစ်ပါ သည်။ ကျောင်းကျန်းမာရေးလုပ်ငန်း၏ ရည်ရွယ်ချက်များမှာ-

 

(က) ကျောင်းသား လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး အဆင့် အတန်း မြင့်မားတိုးတက်လာ စေရန်၊

(ခ) ကျောင်းသားလူငယ်များအား မှန်ကန်သောကျန်းမာရေးပညာနှင့် အပြုအမူများသိရှိ နားလည်၍ ကိုယ်တိုင်ကျင့်သုံး တတ်စေရန်၊ တစ်သက်တာလုံး ကျန်းမာပျော်ရွှင်သော ဘ၀ ပိုင်ရှင်များ ဖြစ်လာစေရန်၊

(ဂ) ကျောင်းသား လူငယ်များ တွေ့ကြုံခံစားနေရသော ရောဂါ ပြဿနာများကို စောစီးစွာ ရှာဖွေကုသပေးရန်၊

(ဃ) ကျန်းမာရေးနှင့် ညီညွတ်၍သန့်ရှင်းသာယာသောကျောင်း နှင့် ကျောင်းပတ်ဝန်းကျင်များ ဖြစ်ထွန်းလာစေရန်၊

(င) အာဟာရပြည့်ဝ၍ ကာယ၊ ဉာဏ၊ စာရိတ္တ ကျန်းမာကြံ့ခိုင် သော မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်း လာရေးအတွက် ပြုစုပျိုးထောင်ပေးရန်၊

(စ) ထိရောက် အောင်မြင်သော ကျောင်းကျန်းမာရေးလုပ်ငန်းမှတစ်ဆင့် ကလေးသူငယ် အချင်းချင်း၊ မိသားစု၊ ရပ်ရွာ၊ မြို့နယ်နှင့် တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားတိုးတက်လာစေရန်တို့ ဖြစ်ရာ ရည်ရွယ်ချက်အောင်မြင် အောင် ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၏ ပူးပေါင်းမှုဖြင့် ပြီးပြည့်စုံသော ကျောင်းကျန်းမာရေး စီမံချက် မဟာဗျူဟာစီမံကိန်းများ အဆင့်ဆင့် ရေးဆွဲဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းများအရ ကျောင်းသားလူငယ်များ တွေ့ကြုံခံစားနေရသည့် အဓိကကျန်းမာရေးပြဿနာများ၊ ကျန်းမာရေး လိုအပ်ချက်များကို ဖော်ထုတ်ကာ ဦးစားပေးနယ်ပယ်များ ရွေးချယ်ခြင်း၊ ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များ ရေးဆွဲအကောင် အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်က ကျောင်းကျန်းမာရေး မြှင့်တင်ရန်အတွက် အန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊ ပြည်သူ လူထုပူးပေါင်းပါဝင်မှုဖြင့် ကျောင်းမှ ပြည်သူလူထုအတွင်းသို့ မူမှန်၊ ဘဝမှန် များ ရောက်ရှိရေးလုပ်ငန်း၊ ကာယပညာ နှင့် အားကစားလုပ်ငန်း၊ သင်တန်းနှင့် သုတေသနလုပ်ငန်း၊ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း များအား ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၏ အင်အားကို အသုံးပြု ၍ ဆောင်ရွက်ခြင်းဖြင့် ကျောင်းကျန်းမာ ရေးအဆင့်မြင့်ကျောင်းများ တည်ထောင်ရန် ဆောင်ရွက်မှုလုပ်ငန်းများ၌ အားလုံး က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် နှိုးဆော် ရေးသားလိုက်ရပေသည်။