ဩဂုတ် ၁၃
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၃ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၃၆၁၆၁ ဦး ရှိလာပြီး သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးသူ ၃၆၄ ဦး ထက်မနည်းရှိကြောင်း ကျန်းမာရေးဌာနက ယနေ့တွင်ပြောသည်။
ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေအတွက်မြင့်တက်ခဲ့သော်လည်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှုလျော့နည်းလျက်ရှိသည်ဟု ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူဒိုမင်ဂိုက ပြောသည်။ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှုအရေအတွက် ပိုမိုနည်းပါးလာခြင်းသည် ဆေးရုံများစီမံခန့်ခွဲမှုပိုမို ကောင်းမွန်လာခြင်းနှင့် ဆရာဝန်များနှင့် စောစီးစွာတိုင်ပင်ဆွေးနွေးခြင်းတို့ကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။
ဖိလစ်ပိုင်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိသည်။ မိုးရာသီအစ ဇူလိုင်လမှ အောက်တိုဘာလအတွင်းသည် ရာသီဉတုအခြေအနေများပြောင်းလဲခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းနှင့် ရေညစ်များစုပုံခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ရေမှတစ်ဆင့်ဖြစ်သော ကူးစက်ရောဂါများ ဖြစ်ပွားမှုအမြင့်မားဆုံးကာလဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို