နေပြည်တော် ဩဂုတ် ၁၃
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက နန်းဦးရေပေးရေးနှင့် ရေသန့်စင်စက်ရုံသို့ သွားရောက်၍ ရေသိုလှောင်ကန်များအတွင်း Chlorine Dosing Pump ဖြင့် ကလိုရင်း ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဝန်ထမ်းရပ်ကွက်နှင့် အများပြည်သူသို့ ရေပေးဝေသည့် ရေနမူနာတွင် ကြွင်းကျန်ကလိုရင်းပါဝင်မှု တိုင်းတာခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပေးဝေသောရေတွင် ဘေးအန္တရာယ်ဖြစ်စေသော ဇီဝပိုးမွှားများ သန့်စင်နိုင်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်းကို WHO သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ရာဇသင်္ဂဟလမ်းနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်လမ်းတစ်လျှောက် ရေတင်ရေဝပ်သောနေရာများတွင် နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းအတွင်းနှင့် လမ်းဘေးတို့တွင် ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိမှုနှင့် ပန်းနှင်းဆီအဝိုင်းအနီး သာယာလှပစေရေးအတွက် ပန်းအလှပင် ငါးမျိုး စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က သဲကောကြီးကျေးရွာအနီး လမ်းလယ်ကျွန်းတွင် ပန်းအလှပင်များ ထပ်မံဖြည့်တင်း စိုက်ပျိုးထားရှိရန်၊ မိုးရွာသွန်းမှု များပြားခြင်းကြောင့် လမ်းများပေါ်တွင် ရေတင်ရေဝပ်ခြင်း မရှိစေရေး အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လေဆိပ်မုခ်ဦးအနီး လမ်းဘေးဝဲ/ယာတွင် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


