နေပြည်တော် ဩဂုတ် ၁၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေး‌ဟောင်းဘုရားများရှိ  ချုံနွယ်ပိတ်ပေါင်းများကို ဧရိယာ ၁၁ ပိုင်း ပိုင်းခြား၍ ရှင်းလင်းဆောင်ရွက်နေမှုတို့ကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရှေးဟောင်းအဆောက်အအုံအမှတ်(၁) ရွှေစည်းခုံဘုရားတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေသင်္ကန်းကပ်လှူမှုအခြေအနေ၊ ကျောက်သပိတ်များ သန့်စင်၍ ကြံ့ခိုင်မှုထိန်းသိမ်းခြင်း၊ ရှေးဟောင်းသဲကျောက် ကြမ်းခင်းများ ပေါ်လွင်စေရန် ဆောင်ရွက်ခြင်း၊ ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ ကျောက်စာတိုက် ဆေးပြန်သုတ်ခြင်း၊ ကြေးကူတိုက် လေးလုံး၏ အပြင်ပတ်လည်တွင် စကျင်ကျောက်ခင်းခြင်း စသည့် ပြုပြင်ထိန်းသိမ်းမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ရှေးဟောင်းအဆောက်အအုံ အမှတ်(၂၃၅) သိကြားပုန်းဘုရားသို့ ရောက်ရှိပြီး ဘုရားလိုဏ်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဘုရားချဉ်းကပ်လမ်း (ဂျင်းရောမြေ) ဖောက်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားမှုနှင့် အိန္ဒိယနိုင်ငံ အစိုးရအကူအညီဖြင့် Archaeological Survey of INDIA (ASI) ပြုပြင်ထိန်းသိမ်းခဲ့သည့်လုပ်ငန်းများကို လှည့်လည်စစ်ဆေးသည်။ ထို့နောက် ပုဂံမြို့၊ လောကနန္ဒာစာသင်တိုက်သို့ သွားရောက်ပြီး လောကနန္ဒာစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမေဃိယအား  ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ သဗ္ဗညုဘုရားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်း အဆောက်အအုံ အမှတ်(၁၅၉၇) သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် တူးဖော်သုတေသနပြုခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လောကဥသျှောင်ဘုရားတွင် သံပန်း၊ သံတံခါး၊ သံဆန်ခါတပ်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နံရံဆေးရေးပန်းချီများသည် တန်ဖိုးကြီးမားပြီး ရှားပါးသော ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ကြောင်း၊ ခို၊ လင်းနို့ ငှက်များကြောင့် နံရံဆေးရေးပန်းချီများ ပျက်စီးစေနိုင်သည့်အတွက် ဘုရားလိုဏ်အတွင်း ဝင်ရောက်ခိုလှုံခြင်းမရှိရန် သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး ဧရိယာအလိုက် သန့်ရှင်းရေးဆောင်ရွက်မှုနှင့် ကန္တာရ ဆူးပင်ငုတ်များ ရှင်းလင်းဖယ်ရှား ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ရှေးဟောင်းအဆောက်အအုံ အမှတ်(၁၈၁၂)  ထီးလိုမင်းလိုဘုရားတွင် နိုင်ငံတော်အကြီးအကဲ လှူဒါန်းမှုဖြင့် ဆောင်ရွက်နေသော အာရုံခံအရပ်လေးမျက်နှာနှင့် အပေါ်ထပ်ရှိ ဆင်းတုတော်ကိုးဆူ  ရွှေသင်္ကန်း ပြန်လည်ကပ်လှူ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး ရုပ်ပွားတော်မြတ်ကြီးများကို ရေရှည်တည်တံ့နိုင်ရန် လိုအပ်သည့်အကာအရံများ၊ အသိပေး ဆိုင်းဘုတ်များ၊ ငှက်တိရစ္ဆာန်များ ဝင်ရောက်မှုမရှိစေရေး စီမံဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ထီးလိုမင်းလိုဘုရား ပရိဝုဏ်အတွင်း ရင်ပြင်တော်အုတ်ခုံနှင့် စေတီပတ် လျှောက်လမ်းအကြား သဲကျောက်ပြားလျှောက်လမ်းခင်းခြင်းနှင့်  ဘုရားချဉ်းကပ်လမ်း (ဂျင်းရောမြေ) ဖောက်လုပ်နိုင်ရေး စီစဉ်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ဘုရားဖူး အများပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး မိုးရွာသွန်းမှုမများမီ လမ်းပြုပြင်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန် ရေရှည်ကြံ့ခိုင်စေရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

သတင်းစဉ်