နေပြည်တော်       ဩဂုတ်       ၁၃

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲရဲဝံ့ဝံ့သက်စွန့်ဆံဖျား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းများနှင့် မိသားစုများသာမက နိုင်ငံအတွင်းမှ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များကလည်း အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာ၊ မေတ္တာအပြည့်ဖြင့် ကော်ဖီမစ်၊ ခေါက်ဆွဲ ခြောက်၊ ငပိထောင်း၊ ငါးသေတ္တာ၊ ငါးနီတူ ခြောက်ကြော်၊ ငါးကြင်းကြော်ဘူး၊ ငါးဆုပ်ဟင်းဘူး၊ ကြက်သားနှပ်ဘူး၊ ဘာလချောင်ကြော်၊ လက်ဖက်ချဉ်စပ်၊ ကုလားပဲနှပ်၊ ဆေးပေါ့လိပ်၊ မြေပဲပွ၊ မြေပဲဆံလှော်နှင့် အားဖြည့်အချိုရည်များ လှူဒါန်းနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမတွင် ပြင်ဆင်ထုပ်ပိုးနေမှုများကို ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့် ရှု အားပေးကြသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်း မိသားစုများက လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများကို ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးနိုင်ရေး နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်လှူဒါန်းမည်ဖြစ်သည်။

 

အလားတူ ယနေ့တွင် တတိယအကြိမ်ပေးပို့လှူဒါန်းနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက စားသောက်ဖွယ်ရာများကို စုပေါင်းချက်ပြုတ်ကြော် လှော်ကြပြီး စိတ်အားထက်သန် စွာဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များအနေဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ မြေပဲကြော်၊ ဘာလချောင်ကြော်၊ ငါးနီတူခြောက်ကြော်၊ အသင့်စား ချဉ်ပေါင်ကြော်၊ ငါးသေတ္တာဘူး၊ လက်ဖက်နှပ်၊ ငပိထောင်းဘူး၊ သရက်သီးသနပ်၊ ခေါက်ဆွဲခြောက်၊ ငါးကြင်းဆန်ပြုတ် စသည့် စားသောက်ဖွယ်ရာ ၁၀ မျိုးတို့အား အထုပ် ၁၅၀၀ စီ၊   ကော်ဖီမစ်နှင့်  တီးမစ် အထုပ် ၃၀၀၀  စီတို့အား သြဂုတ် ၁၄  ရက်တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

 

စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများကတရားသောစစ် မုချအောင် ရမည်၊ အမောင်စစ်သည်တို့နှင့်အတူ တစ်သွေးတည်း တစ်သားတည်း အတူရပ်တည်နေသည်ကို ခြွင်းချက်မရှိယုံကြည်၍ ပေးအပ်သည့်အမိန့်နှင့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး အောင်ပွဲများ နှင့်အတူ ပြန်လာချိန်ကို သပြေပန်းနှင့် ကြိုဆိုရန် အသင့်စောင့်မျှော်နေမည်အစရှိသည့် ဆုတောင်း မေတ္တာစာလွှာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့မှ ပြည်သူများ က ဩဂုတ် ၁၁ ရက်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စားသောက်ဖွယ်ရာများ စုပေါင်း ကြော်လှော်ချက်ပြုတ်ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

 

နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေဒေသကာကွယ်ရေးအတွက် မိမိတို့၏အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာဖြင့် ရှေ့တန်းတွင်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ငါးခြောက်၊ အသားတုနှင့် ငရုတ်သီးကြော်၊ ငပိငံပြာရည်ကြာ်၊ ပဲမျိုးစုံကြော်၊ လက်ဖက်၊ ဆေးလိပ်နှင့် အခြားစားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တိုင်းရင်းသားပြည်သူများကတိုင်းပြည်၏ အန္တရာယ် ရန်စွယ်အပေါင်းကို တွန်းလှန်တိုက်ခိုက်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးစားဂုဏ်ယူ လျက်ရှိကြောင်း၊ မကြာမီ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အေးချမ်းစွာ ပြန်လည် နေထိုင်ရတော့မည်ဟု ယုံကြည်မျှော်လင့်နေကြောင်းစသည့် မေတ္တာစာလွှာများကို ထည့်သွင်းပေး ပို့ခဲ့ကြသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ဩဂုတ်()ရက်တွင် ငွေကျပ်သိန်း (၂၅၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းခဲ့ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်း(၁၀၀)ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ထပ်မံပေးပို့ လှူဒါန်း ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ဩဂုတ် ရက် ညနေပိုင်းက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ စုပေါင်း၍ စားသောက် ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး စိတ်အားထက်သန်စွာ ပြင်ဆင်ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်ခေါက်ဆွဲခြောက်  ၁၄၈၄၆ ထုပ်၊ ကြာဇံခြောက် အထုပ် ၉၀၀ ငါးသေတ္တာဘူး ၂၁၀ ကော်ဖီမစ် ၁၃၇ ပါကင်၊ ကွေကာအုပ် ၁၀ ပါကင်၊ ငပိထောင်းဘူး ၅၀ ငပိကြော်ထုပ် ၆၀ အမွှေးဆပ်ပြာ ၁၆၈ တုံး၊ ဓာတ်ဆားထုပ်၂၅၀ ဆေးလိပ် ၁၀၆၀၀ ဂက်စ်မီးခြစ် အလုံးရေ  ၁၀၀ သွားတိုက် ဆေးဘူး ၂၂၀ လက်ဖက်အသား ပိဿာ၊ နှစ်ပြန်ကြော် ပိဿာ ကိက်ခြောက် ၂၈ ဘူး၊ မိုးကာ အထည် ၂၀ တီရှပ် ၁၀ ထည်၊ ငံပြာရည်ဘူး ၂၄၀၀ အချိုရည်ဘူး ၆၀၀ လက်ဆေး ဆပ်ပြာဘူး ၁၅၀ ဆန်ကွတ်ကီးမုန့်ထုပ် ၇၂၀၀ ဂျက်ကတ်အင်္ကျီအထည် ၅၀ ဘောင်းဘီရှည်အထည် ၅၀ အဝတ်အထည်မျိုးစုံ အထည် ၁၀၀ တို့ကို လှူဒါန်းသွားမည် ဖြစ်သည့် အပြင်ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ တရားသောစစ်အောင်မြင်ပါစေစသည့် ဆုတောင်း မေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ကြသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ငွေကျပ် ၂၈၇၇၅၅၉၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)