နေပြည်တော် ဩဂုတ် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ဆောင်ရွက်လျက်ရှိ ဘဲဥသားဖောက် စက်၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွားမျိုးထိန်း မျိုးပွားခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘဲ မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာရေးနှင့် ဒေသနွားများတိုးပွား ထိန်းသိမ်းရေး ဆိုင်ရာများ ဆွေးနွေး မှာကြား သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က တပ်ကုန်း-ရွှေမြို့ တိုးချဲ့မွေးမြူရေး ဇုန်တွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ၊ ဇီ၀လုံခြုံမှု အဆင့်-၃၊ ရောဂါရှာဖွေရေးဓါတ်ခွဲခန်း တည်ဆောက်ရေး စီမံကိန်းအချက်အလက်များနှင့် လုပ်ငန်း စဉ်များ၊ ဘဲဥသားဖောက်စက်၏ လုပ်ငန်းစဉ်များ နှင့် ဘဲသားပေါက်ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က နေပြည်တော် ကောင်စီနယ်မြေအတွင်း ဥစားဘဲ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ဥဖောက်စင်များ စနစ်တကျ အဆင့်မြှင့်တင် ရွှေ့ပြောင်းကာ ဘဲသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနေမှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်ခဲ့သော်လည်း မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာသေးကြောင်း၊ သတင်းစာများ၊ ဝက်ဘ်ဆိုက်များတွင်လည်း မကြာခဏ အသိပေး ကြော်ငြာပေးနေသည့်တိုင် လုပ်ငန်းရှင်များ၊ အစုအဖွဲ့အစည်းများအနေဖြင့် စိတ်ဝင်စားမှု နည်းနေ ကြောင်း၊ သို့ဖြစ်၍ မြို့နယ်အလိုက် ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများကိုလည်း တစ်နိုင်တစ်ပိုင် မွေးမြူရေးကို စည်းရုံးသွားကြစေလိုကြောင်း ဆွေးနွေး မှာကြားသည်။

ထို့နောက် ဘဲဥသားဖောက်စက် အလုပ်ရုံ၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွားမျိုးထိန်း မျိုးပွါးခြံ၊ ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်၌ ဆောင်ရွက် ပြီးစီးသည့် လျှိုပိတ်ဆည် တို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာန မွေးမြူရေးခြံများအနေဖြင့် ရေနှင့်အစာ တိုက်ကျွေးမှုစနစ် မှန်ကန်စေရေး၊ အစာခွက်များ ပုံမှန် သန့်ရှင်းရေး အပါအဝင် ဇီဝလုံခြုံမှုဆိုင်ရာ စံနမူနာကောင်းပေးနိုင်ရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ရန်ကုန် ရွာသာကြီးခြံ ရှိ ဘဲဥသားဖောက်စက်  ၂ လုံး ၊ ပဲခူး ဘုရားကြီးခြံ ရှိ ဘဲဥသားဖောက်စက် ၄ လုံး ၊ နေပြည်တော် ရွှေမြို့ ခြံ ရှိ ဘဲဥသားဖောက်စက်  ၅ လုံး တို့မှ သားပေါက်များထုတ်လုပ်၍ ဘဲမွေးလုပ်ငန်းရှင်များ၊ ဘဲမွေးတောင်သူများကို ဖြန့်ဖြူးပေး လျက်ရှိရာ  ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန် ရှိ ဘဲဥသားဖောက်စက်မှ နှစ်စဉ် ဘဲသားပေါက် ကောင်ရေ ၃၆၂,၀၀၀ ကျော်ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ဘဲသားပေါက် အမ တစ်ကောင်လျှင်ငွေကျပ် (၁၂၀၀နှုန်း၊ အထီးတစ်ကောင်လျှင် (၇၀)ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဘဲမွေးမြူ လိုသူများ အနေဖြင့် အမှာစာများ ပေးပို့မှာကြားနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)