ဩဂုတ် ၁၄

မလေးရှားနိုင်ငံ၏လူဦးရေစုစုပေါင်းသည် ယခုနှစ် ဒုတိယသုံးလတာကာလတွင် ၃၄ ဒသမ ၁ သန်းရှိရာ လွန်ခဲ့သောနှစ်က လူဦးရေ ၃၃ ဒသမ ၄ သန်းနှင့်နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း ယမန်နေ့ကတရားဝင်အချက်အလက်ဖော်ပြထားသည်။

မလေးရှားနိုင်ငံ၏လူဦးရေစုစုပေါင်းတွင် နိုင်ငံသားဦးရေ ၉၀ ရာခိုင်နှုန်းနှင့် နိုင်ငံသားမဟုတ်သူ ၁၀ ရာခိုင်နှုန်းပါဝင်သည်ဟု စာရင်းအင်းဌာနကပြောသည်။

လွန်ခဲ့သောနှစ်က အမျိုးသားဦးရေ ၁၇ ဒသမ ၅ သန်းရှိရာမှ ၁၇ ဒသမ ၉ သန်းအထိ မြင့်တက်ခဲ့ပြီး အမျိုးသမီးဦးရေမှာ ၁၅ ဒသမ ၉ သန်းမှ ၁၆ ဒသမ ၂ သန်း ရှိလာသည်ဟု သိရသည်။ ဒုတိယသုံးလတာကာလတွင် မလေးမျိုးနွယ်စုသည်  လူဦးရေ၏ ၅၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး တရုတ်နှင့် အိန္ဒိယလူမျိုး ၂၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် အခြားလူမျိုး ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

ယခုနှစ်အလားတူကာလတွင် မွေးဖွားသူဦးရေ ၁၀၀၇၃၂ ရှိရာ လွန်ခဲ့သောနှစ်က မွေးဖွားသူဦးရေ ၁၁၂၁၉၇ ဦးနှင့်နှိုင်းယှဉ်ပါက ၁၀ ဒသမ ၂ ရာခိုင်နှုန်းလျော့ကျခဲ့သည်။ ထိုကာလတွင် သေဆုံးသူဦးရေ ၄၈၄၆၀ ရှိရာ လွန်ခဲ့သောနှစ် သေဆုံးသူဦးရေ ၅၁၂၃၄ ဦးနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို