တောင်ငူ ဩဂုတ် ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးဌာနခွဲတာဝန်ခံတို့နှင့်အတူ ယမန် နေ့နံနက်ပိုင်းက ခရစ်နှစ်၁၅၁၀တွင် မင်းကြီးညိုတည်ထောင်ခဲ့သော ကေတုမတီမြို့ဟောင်း စင်တံခါးအနီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုဖော်ထုတ် ထိန်းသိမ်းခဲ့သော မြို့ဝင်ပေါက်နှင့်မြို့ရိုးနေရာကို ကြည့်ရှုစစ်ဆေးပြီး မြို့ရိုး၏အစိတ်အပိုင်းများ၊ ပြအိုး၊ ပြကလေးများအား ပုံပေါ်အောင် ရှာဖွေလေ့လာဖော်ထုတ်ရန်နှင့် အရှေ့တောင်ထောင့်စေတီဖြစ်သော သာရမဉ္ဇူစေတီကို ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီးသည် ခရစ်နှစ် ၁၈၆၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော မြို့လေး ခံတပ်နှင့် ကေတုမတီမြို့ဟောင်း ကျုံးနှင့်မြို့ရိုးကို ကြည့်ရှုစစ်ဆေးပြီး အနောက်တောင်ထောင့်ရှိ မြသိန်းတန်စေတီနှင့် အနောက်မြောက်ထောင့်ရှိ မဉ္ဇူသာရစေတီများကို ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ၂၀၁၉ ခုနှစ်က ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားသော ကေတုမတီမြို့ဟောင်း ရေကျုံးကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသာယာလှပရေးနှင့် မြို့ရိုးကို ပြန်လည်ဖော်ထုတ်ဆောင်ရွက်ရေး မှာကြားသည်။

ဆက်လက်၍ ခရစ်နှစ် ၁၆၀၀ တွင် ဖြစ်ပွားခဲ့သောစစ်ပွဲတွင် တောင်ငူဘုရင် မင်းရဲသီဟသူနှင့် နတ်သျှင်နောင်တို့၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် ယိုးဒယားဘုရင် ဖရာ့နရေဆွန် (ဗြနရာဇ်) ၏တပ်များ ကျုံးအတွင်းမှ ရေများဖောက်ထုတ်သည့် တူးမြောင်းနေရာ(ယိုးဒယားပေါက်)ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်