နေပြည်တော် ဩဂုတ် ၁၄
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရှိ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု ၊ မိသားစုလာရောက် တွေ့ဆုံနိုင်မှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့သည်။
ယင်းနောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ သန့်ရှင်းသော သောက်ရေရရှိမှု အခြေအနေ၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာ ဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့သည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


