နေပြည်တော် ဩဂုတ် ၁၄

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ၊ အမှုဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid  စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ၊ အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဉီး၊ အထူးဧည့်သည်တော် တရားလွှတ်တော်‌ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဉီး နှင့်   အမှုဆောင်ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် အမှုဆောင်ကော်မတီအဖွဲ့ဝင်များက  ပတ္တမြားခန်းမမှ လည်းကောင်း၊  အမှုဆောင်ကော်မတီအဖွဲ့ဝင် (၂) ဉီးက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လူမွဲခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်နှင့်  စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုအစည်းအဝေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးတွင် စာရင်းရှင်း လင်းဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေပုဒ်မများဆိုင်ရာ ဆွေးနွေးမှုများအပြင် လူမွဲခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူများ လိုက်နာရမည့်ကျင့်ဝတ်နှင့် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးဆိုင်ရာ တည်မြဲစံပြုလုပ်ထုံးလုပ်နည်း ရေးဆွဲဆောင်ရွက်မှု ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း၊ အမှုဆောင်ကော်မတီဝင်များအနေဖြင့် ယနေ့ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း လုပ်ငန်းစဉ်များကို  လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်သိက္ခာ စောင့်ထိန်းသော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ  ပေါ်ထွက်လာရေးတို့အတွက် မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတများ၊ အပြုသဘောဆောင်သည့် အကြံပြုချက်များဖြင့် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အစည်းအဝေးဆိုင်ရာ အချက် အလက်များနှင့်စပ်လျဉ်း၍  ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်