နေပြည်တော် ဩဂုတ် ၁၄
လူငယ်များအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေ ရေး၊ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းကို တည်ထောင်နိုင်စေရေးရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသည့် လူငယ်လေ့လာရေးအစီအစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်းများကို ယနေ့နံနက် (၇)နာရီတွင် စတင်ဆောင်ရွက်ကြသည်။
ဦးစွာ အဖွဲ့များခွဲ၍ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအားဖူးမြော်ကြည်ညိုကြပြီး လေ့လာရေးအဖွဲ့ဝင်များအား သိရှိလိုသည်များနှင့် ဘုရားသမိုင်းကြောင်းများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြောကြားကြသည်။
ထို့နောက် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာနှင့် ကလေးပြုစုရေးဌာနများသို့ သွားရောက်ကြပြီး အဘိုး၊ အဘွားများအား ကျန်းမာရေးနှင့်သက်ဆိုင်သော အားပေးနှစ်သိမ့်စကားနှင့် ခွန်အားဖြစ်စေသော စကားများပြောကြားခြင်း၊ ခေါင်းဖြီးပေးခြင်း၊ ခြေသည်း/လက်သည်းများညှပ်ပေးခြင်း၊ ပန်းချီရေးဆွဲခြင်း၊ သီချင်းများသီဆိုခြင်းနှင့် ကလေးငယ်များနှင့်အတူ ကဗျာ သီချင်းများ သီဆိုခြင်း၊ ဘောလုံးများဖြင့် ဆော့ကစားခြင်း၊ ပန်းချီဆေးရောင်စုံခြယ်ခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းနောက် လူငယ်များ ဒေသန္တရဗဟုသုတများ တိုးပွားစေရန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်သို့ သွားရောက်လေ့လာကြရာ လေ့လာရေးအဖွဲ့မှ လူငယ်များ သိရှိလိုသည်များကို တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ဝယ်ယူနိုင်ရန် ဉတ္တရသီရိ Ocean နှင့် Sinma Mall တို့သို့ ပို့ဆောင်ပေးသည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသ ထားသည့် အားကစားပြတိုက်၊ စိတ်ဓါတ်မြှင့်တင်ရေးခန်းမ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် အားကစားသမားများ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှုနှင့် ဆုရမှတ်တမ်း ဓာတ်ပုံများ၊ ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးရယူပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီး များ၏ ပုံတူရုပ်တုများကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးကြကာ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းကို ဆက်လက်လေ့လာကြသည်။
"လူငယ့်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင်အလင်းဆောင်အံ့"ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်များအနေဖြင့် မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး အနာဂါတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိကအင်အားစုများအဖြစ် ပါဝင်နိုင်စေရန်၊ မိမိနိုင်ငံနှင့်ယဉ်ကျေးမှုအပေါ် တန်ဖိုး ထားချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး နိုင်ငံသားကောင်းတစ်ယောက်၏ အခွင့်အရေးနှင့်တာဝန်များကို ပိုမိုနားလည်စေရန်၊ မတူညီသောဒေသများမှ လူငယ်များ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် လူငယ်ထု အကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှု တည်ဆောက်ပေးနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီမှ ယခုကဲ့သို့ လူငယ်လေ့လာရေးအစီအစဉ်များနှင့် လူမှုအကျိုးပြု လုပ်ငန်း အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါလေ့လာရေးခရီးစဉ်တွင် ပါဝင်သည့် လူငယ်များ သည် ဩဂုတ် ၁၂ နှင့် ၁၃ ရက်များတွင် ကျင်းပခဲ့သည့် International Youth Day နှင့် Myanmar Youth Forum သို့ တက်ရောက်ခဲ့သည့် ထူးချွန်ဆုရလူငယ်များနှင့် တိုင်းဒေသကြီးပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


