နေပြည်တော် ဩဂုတ် ၁၄

သီးနှံအကြွင်းအကျန်များကို အသုံးချ၍ မှိုစိုက်ပျိုးမွေးမြူခြင်းဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ဉီးစွာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိမိတို့နိုင်ငံ၌ နှစ်စဉ် နွေစပါး၊ မိုးစပါး စုစုပေါင်းဧက (၁၇) သန်းခန့် စိုက်ပျိုးလျက်ရှိကြောင်း၊ အထူးသဖြင့် စပါးစိုက်ခင်းများကို ရိတ်သိမ်းပြီးနောက် ကောက်ရိုးနှင့် ရိုးပြတ်များ၊ သီးနှံအကြွင်းအကျန်များကို မီးရှို့ရှင်းလင်း လေ့ရှိကြသဖြင့် ထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ (CO2) များ ထုတ်လွှတ်ခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်းနှင့် ကမ္ဘာကြီးပူနွေးစေခြင်း၊ မြေကြီးအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများ သေဆုံးသွားနိုင်ခြင်း၊ မြေဆီလွှာ၏ဂုဏ်သတ္တိ ကျဆင်း သွားခြင်း၊ မြေဆီလွှာရှိ နိုက်ထရိုဂျင်နှင့် ဆာလဖာဓာတ်များ အငွေ့ပျံဆုံးရှုံးသွားခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း။

အဆိုပါ ထိခိုက်မှုများကို လျှော့ချနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက မူဝါဒတစ်ရပ်အနေဖြင့် သီးနှံအကြွင်းအကျန်များကို မီးရှို့မှုမပြုစေရေး၊ သီးနှံအကြွင်း အကျန်များကိုအသုံးချ၍ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် တိရစ္ဆာန်အစာပြုလုပ်ရေး၊ မြေဆွေးပြုလုပ်သုံးစွဲရေး၊ ကောက်ရိုးစီမံခန့်ခွဲမှု အလေ့အကျင့်များ မြှင့်တင်ရေးအပြင် မှိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် သင်တန်းပေးခြင်း၊ အထွက်နှုန်း ကောင်းမွန်သည့် မှိုမျိုးများ မွေးမြူထုတ်လုပ်ရေးဆိုင်ရာ သုတေသနပြုခြင်းနှင့် နည်းပညာ ပြန့်ပွားခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ မှိုစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းသည် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သည့် သီးနှံအကြွင်းအကျန်များကို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဘဲ အကျိုးရှိအောင် အသုံးချနိုင်ကြောင်း သို့ပါ၍ ဌာနတာဝန်ရှိသူများ၊ သုတေသီများ၊ တောင်သူများအားလုံး ပူးပေါင်းပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့မှ ပညာရှင်သုတေသီများက လယ်ယာကဏ္ဍမှ သီးနှံ အကြွင်းအကျန်များ၊ စွန့်ပစ်ပစ္စည်းများမှ တဖန်ပြန်လည် ဝင်ငွေရရှိနိုင်သော နည်းလမ်းများ၊ မှိုထုတ်လုပ်မှုနှင့် စားသုံးမှုအခြေအနေများ၊ သီးနှံအကြွင်းအကျန် အမျိုးမျိုးအသုံးပြုပြီး မှိုအမျိုးအစားအလိုက် မှိုစိုက်ပျိုးနည်းစနစ်များ၊ မှိုကိုခူးဆွတ်ပြီး တာရှည်ခံအောင် ဆောင်ရွက်သော နည်းလမ်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ မှိုနှင့်ပတ်သက်၍ သင်ကြားပို့ချပေးနေမှုများ၊ မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက် ပေးလျက်ရှိသောလုပ်ငန်းများ၊ လက်ရှိမှိုဈေးကွက်အခြေအနေများကို ဆွေးနွေး ခဲ့ပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ဖြည့်စွက်တင်ပြခြင်း၊ သုံးသပ်အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က မှိုနှင့်ပတ်သက်၍ မိရိုးဖလာအသိပညာများကို သုတေသနပြု၍ ထိန်းသိမ်းရန်လိုအပ်မှု ၊ စားသုံး၍ ရသည့်မှိုများအကြောင်း မှတ်တမ်းစာအုပ် ပြုစုရန် လိုအပ်ချက်များ၊ မှိုမျိုးစိတ်များစွာရှိသဖြင့် မှိုမျိုးများ ထိန်းသိမ်းခြင်း၊ မှိုစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ သုတေသနများနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များကို တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်