နေပြည်တော် ဩဂုတ် ၁၄
ပြည်တွင်းစက်သုံးဆီလက်ကျန် အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင် သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်းနှင့် စုပြုံတန်းစီ ဝယ်ယူနေ သည့်အရောင်းဆိုင်များအပြင် တန်းစီဝယ်ယူမှုနည်းပါးသည့် အခြားအရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားသည်။
ယခုရက်ပိုင်းအတွင်း ပုံမှန်ကာလများထက် ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူ မှုများပြားပြီး ဆီသယ်ယာဉ်မရောက်မီ ကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်း ပြတ်လပ်မှုဖြစ် ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များကို အရေးပေါ်ထပ်မံ တိုးမြှင့်ဖြည့် တင်းဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့ပြင် ပြည်တွင်းစက်သုံးဆီလက်ကျန် အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ် နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန်မလိုကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်း မရှိနိုင်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ Online Media များနှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ် ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့် ပြန်လည် ရောင်းချရန်ဝယ်ယူခြင်းတို့ မပြုလုပ်ကြပါရန်၊ လိုအပ်သလောက်သာ ဝယ်ယူ သုံးစွဲကြပါရန်နှင့် အရောင်းဆိုင်အချို့တွင်သာ စုပြုံတန်းစီဝယ်ယူနေခြင်းအစားတန်းစီ ဝယ်ယူမှုနည်းပါးသည့် ပတ်ဝန်းကျင်ရှိ အခြားအရောင်းဆိုင်များသို့လည်း သွားရောက် ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းနှိုးဆော် ထားပါကြောင်းနှင့် အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် မရောင်းချခြင်းမျိုး မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


