နေပြည်တော် ဩဂုတ် ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဝေး-ဥသျှစ်လှိုင်း ကျေးရွာသွားလမ်းရှိ လမ်း ဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဒေါ့ပင်အုပ်စု၊ ဂုဏ်မင်းမြှောင် ကျေးရွာအဝင်၊ တံတားအမှတ်(၃/၇) ယာယီဘေလီတံတား ဆောင်ရွက်နေမှု အခြေအနေနှင့် လယ်ဝေး-ဥသျှစ်လှိုင်း ကားလမ်း တစ်လျှောက်လမ်းများ ပျက်စီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာ ကြားသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်း ကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ ကွင်းအမှတ်(၁၆၆၃) မိုးစပါးစိုက် ဧက ၅၀ တွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ကြီးများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများ စိုက်ပျိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်  ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၌ သုတအလင်း စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရာက်သည်။

ဦးစွာ သုတအလင်း စာကြည့်တိုက် အဆောက်အဦအသစ်ကို နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် ဇီးဖြူပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က စာကြည့်တိုက်ဆိုင်ရာ အချက်အလက် များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ပြီး  စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ  စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုက လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီး စာကြည့်တိုက်အတွင်း လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနား- ညောင်ပင်သာ ကျေးရွာနှင့် မွန်းတည့်ခွင်သို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်းပါ်တွင် လမ်းပြုပြင်ဆောင်ရွက်နေမှု အခြေအနေများနှင့် တံတားအမှတ်(၂/၂၀)ပေ ၆၀  တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပျဉ်းမနားမြို့၊ ခေမာသီဝံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ မဟာထေရ်မြတ်ကြီးအား သွားရောက်ဖူး မြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို  ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပျဉ်းမနားမြို့၊ ကန်တော် မင်္ဂလာရှမ်းကန် သာယာလှပရေးနှင့် ရေလယ်ဘုရား ကျောင်းဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)