ရန်ကုန် ဩဂုတ် ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဩဂုတ်  ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီးယမန်နေ့ ညပိုင်းကလေကြောင်းခရီးဖြင့် ဗီယင်ကျန်းမြို့မှရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ မျက်နှာစုံညီအစည်းအဝေးကို လာအိုနိုင်ငံ၊ အာဆီယံလူမှု - ယဉ်ကျေးမှုဝန်ကြီး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး Mrs. Suansavanh Viyaket က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ ဆက်စပ်လုပ်ငန်းအစုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တီမောလက်စတေနိုင်ငံမှလေ့လာကြသူများ တက်ရောက်ခဲ့ကြသည်။

ဩဂုတ် ၁၂ ရက် (အစည်းအဝေး ပထမနေ့) တွင် ကျင်းပသည့် အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆွေးနွေးပြောကြားရာတွင် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း အတွက် လာအိုနိုင်ငံ၏ ဦးစားပေးကဏ္ဍများသည် အာဆီယံဒေသကြီး၏ အခြေခံအဆောက် အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးတို့သည် များစွာအရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လာအိုနိုင်ငံ၏ ဦးစားပေးကဏ္ဍများနှင့် ၂၀၂၅ အလွန် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဟာဗျူဟာအစီအစဉ် ရေးဆွဲရေးတို့ကို အပြည့်အဝထောက်ခံပါကြောင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ကျင်းပသည့် အာဆီယံ၏လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ်များနှင့် မျက်နှာစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက လာမည့် ၁၀ နှစ်မှ နှစ် ၂၀ အတွင်း ပထဝီဝင်နိုင်ငံရေးနှင့် လူမှု စီးပွားပြောင်းလဲမှုများအပေါ် အတွေးအမြင်များသည် အာဆီယံ၏ ဒေသတွင်း ဝိသေသ လက္ခဏာနှင့် ဗဟိုကျမှုတို့ကို လိုက်လျောညီထွေဖြစ်စေမည့် မဟာဗျူဟာများအား မီးမောင်းထိုးပြနေကြောင်းကို ပြောကြားလိုပါကြောင်း၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များသည် အာဆီယံပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်ရေးနယ်ပယ်များအပေါ် ဦးစားပေးခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အားမြှင့်တင်ရန် ရည်မှန်းချက်နှင့် ကိုက်ညီပါကြောင်းပြောကြားသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို လာအိုနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတည်ခင်း ဧည့်ခံသော ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဩဂုတ် ၁၃ ရက် (အစည်းအဝေး ဒုတိယနေ့) တွင် ကျင်းပသည့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် လုပ်ငန်းအစုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌများနှင့် မျက်နှာ စုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက  ASCC Post - 2025 မဟာဗျူဟာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် လုပ်ငန်းစုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌများ မျှဝေထားသော အတွေးအမြင်များနှင့် ဆွေးနွေးမှု များအတွက် ကျေးဇူးတင်ပါကြောင်း၊ အနာဂတ်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ မဟာဗျူဟာ မြောက် အမြော်အမြင်ရှိမှု၊ လိုက်လျောညီထွေရှိမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးပေးမှုသည် ASCC ၏ အစီအစဉ်များ အပြန်အလှန်ဆက်စပ်မှုရှိပြီး ထိရောက်မှုရှိစေရန် အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။ 

ဪဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ တို့တာဝန် အရေးသုံးပါးဦးထိပ်ထား၍ နိုင်ငံတော်နှင့်ပြည်သူများအပေါ် သစ္စာရှိရန် လိုအပ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက်  စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်