နေပြည်တော် ဩဂုတ် ၁၅
(၂၀၂၄) ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ်များ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ Meeting Hall ၌ ကျင်းပသည်။
ဉီးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယခုနှစ် ‘ကမ္ဘာ့မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်’ ၏ဆောင်ပုဒ်မှာ “Closing the Gap; Breastfeeding Support for All” ဖြစ်ပြီး ‘မိခင်နို့ချို တိုက်ကျွေးဖို့ အားလုံးကူညီ ပံ့ပိုးစို့’ ဟု မြန်မာလို ဘာသာပြန်ဆိုထားပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များတွင် အထိမ်းအမှတ်အခမ်းအနားများ၊ လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွင်း အာဟာရပြည့်ဝကျန်းမာအောင် စီမံစားသုံးတတ်စေသည့် အသိပညာ၊ အမူအကျင့်ကောင်းများ ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမည်ဖြစ်ကြောင်း၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနင့် အာဟာရအခြေအနေ ပိုမိုကောင်းမွန် မြင့်မားလာစေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် လူမှုရေး ဦးတည်ချက်များနင့်အညီ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး၊ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးနှင့် နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး စသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ် လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် (၂၀၂၄) ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဗွီဒီယို ပြသခြင်း၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကဆုချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ကြပြီး တက်ရောက်လာသူများနှင့်အတူ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လှည် ကြည့်ရှုခြင်း၊ မူကြိုကလေးငယ်များအား အင်အားပြည့်ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားဆေး၊ ဗီတာမင်ဘီဝမ်းအားဆေးများ ပေးအပ်ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


