နေပြည်တော် ဩဂုတ် ၁၅

ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးတို့ အတွက်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီ တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ် အားကစားရုံ၌ ဆက်လက်ကျင်းပသည်။

အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား)အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုး ၊ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် (၃)ဂိုးစီသရေ ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၈)ဂိုး ဂိုးမရှိ ၊ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုး ၊ (အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို (၂)ဂိုး ဂိုးမရှိ ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး ဂိုးမရှိ ၊ ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ် အသင်းကို (၄)ဂိုး ဂိုးမရှိရလဒ်များဖြင့် အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဩဂုတ် ၁၆ ရက်  နံနက် ၉ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသမီး) အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအသင်း၊ (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ ဖူဆယ် အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်