ဩဂုတ် ၁၆
ချဒ်နိုင်ငံမြောက်ပိုင်း တီဘတ်တီပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူ ၅၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များနှင့် ဒေသတွင်းမီဒီယာက ယမန်နေ့ကပြောကြားသည်။
အဆိုပါမိုးရွာသွန်းမှုသည် သောကြာနေ့မှစတင်ကာ ဗုဒ္ဓဟူးနေ့အထိ ဆက်လက်ရွာသွန်းခဲ့သဖြင့် အိမ်ရာများပျက်စီးခဲ့ကြောင်း တီဘတ်တီပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
ထိုပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၀၀၀၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ကြသည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် မေလလယ်မှစတင်ကာဖြစ်ပွားသော ရေကြီးရေလျှံမှုကြောင့် ပြည်သူ ၂၄၅၀၀၀ ရေဘေးသင့်ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ပြောကြားချက်အရ သိရသည်။
နိုင်ငံအတွင်း လွန်ခဲ့သောသီတင်းပတ်က မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၄၀ သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို