ရန်ကုန် ဩဂုတ် ၁၆
မွေးမြူရေးလုပ်ငန်းတွင် အကျိုးအမြတ်ပိုမိုရရှိစေရန် မိရိုးဖလာလွှတ်ကျောင်းမွေး မြူခြင်းမှ စနစ်တကျ ခြံလှောင်မွှေးမြူသောစနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် တိရစ္ဆာန်အစာပင်များ စိုက်ပျိုး၍ကျွေးခြင်းဖြင့် အစာကုန်ကျစရိတ်ကို သိသာစွာလျော့ကျစေပြီး ထွက်ကုန်နှင့် တိရစ္ဆာန်အရည်အသွေးကို ထိန်းသိမ်း မြှင့်တင်ပေးနိုင်မှုကြောင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မျိုးစေ့ဖြန့်ဖြူး ခြင်းလုပ်ငန်းကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပံ့ပိုးကူညီပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအနီးရှိ ပျဉ်းမပင် နို့စားနွားမွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံ၌ တိရစ္ဆာန်အစာပင် မျိုးထုတ်စိုက်ခင်းများ တည်ထောင်ခြင်း၊ မျိုးစေ့သိုလှောင်ခြင်း၊ တိရစ္ဆာန်အစာသိုလှောင်ခြင်း၊ နို့စားနွားမွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံဖွံ့ဖြိုးရေးဆိုင်ရာတို့ကို ဆောင်ရွက်လျက်ရှိပြီး တိရစ္ဆာန်အစာပင်မြက် ၁၁ မျိုးကို စိုက်ပျိုးထားကြောင်း သိရသည်။
အဆိုပါ နို့စားနွားမွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံ(ပျဉ်းမပင်)တွင် တိရစ္ဆာန်အစာပင်မျိုးစေ့နှင့် ပျိုးပင်များအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရန်၊ မျိုးထုတ်စိုက်ခင်းများမှ ထုတ်လုပ်သည့်မျိုးစေ့များအား မျိုးစေ့အရည်အသွေးကျဆင်းမှုမရှိပဲ ထိန်းသိမ်းထားရှိဖြန့်ဖြူးပေးနိုင်ရန်၊ ခြောက်သွေ့ကာလ၌ ခြံတွင်းမွေးမြူထားသော တိရစ္ဆာန်များအား အာဟာရဓာတ်ပြည့်ဝသော တိရစ္ဆာန်အစာချဉ်ဖတ်ကျွေးနိုင်ရန်နှင့် တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကျွေးမွေးခြင်းနှင့်စပ်လျဉ်း၍ သရုပ်ပြခြင်း၊ ပညာပေးခြင်း၊ လေ့ကျင့်ခြင်းနှင့် ဆက်စပ်သုတေသနပြုလုပ်ခြင်းတို့ဆောင်ရွက်ရန်၊ နို့စားနွားမွေး မြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ မွေးမြူရေးဆိုင်ရာပညာပေးလုပ်ငန်းများနှင့် အသုံးချသုတေ သနလုပ်ငန်းများဆောင်ရွက်၍ အချက်အလက်နှင့်နည်းပညာဖြန့်ဖြူးနိုင်ရန် စသည်တို့ကို ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိသည်။
“နို့စားမွားမွေးမြူရေးသုတေသနနဲ့သရုပ်ပြခြံမှာ တိရစ္ဆာန်အစာပင် ၁၁၁ ဧကစိုက်ထားရာမှာ အချို့ပေါင်း ထူတဲ့အခင်းတွေ ပြန်ပြင်ဖို့ရှိပြီးတော့ ဧက ၁၀၀ ခန့်အောင်မြင်နေ ပါတယ်။ စစိုက်ပြီးနှစ်လ ဝန်းကျင်ဆိုရင် ရိတ်ပြီးကျွေးလို့ရပါပြီ။ မျိုးစေ့ထုတ်စိုက်ခင်းဆိုရင် ဒီကာလကစပြီး ဒီဇင်ဘာလမှာ မျိုးစေ့ထုတ်လို့ရပါပြီ။ အနှံယူပြီးတာနဲ့ အပင်ကိုရိတ်လို့ရပါတယ်။ တောင်သူတွေအားလုံး စိုက်ပျိုးနိုင်မယ်ဆိုရင် စားမြုံ့ပြန်တိရစ္ဆာန်တွေအတွက် အရည်အသွေးကောင်းပြီး အာဟာရတန်ဖိုး မြင့်တဲ့ အစာကြမ်းကိုရနိုင်သလို တိရစ္ဆာန်အရည်အသွေးနဲ့ ထုတ်ကုန်တန်ဖိုးကိုလည်း ထိန်းသိမ်းမြှင့်တင် ပေးရာရောက်စေပါတယ်။ ဌာနအနေနဲ့ မွေးမြူရေးတောင်သူတွေကို အစာပင်စိုက်ပျိုးတဲ့နည်းပညာ ပေးတာ၊ မျိုးပြန့် ပွားရေးအတွက် နည်းစနစ်ပိုင်းဆိုင်ရာအကြံပြုတာ၊ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးပေးတာ လုပ် ဆောင်ပေးပါတယ်”ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျဉ်းမပင်ခြံမှ ဒေါက်တာ သက်နိုင်ဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တိရစ္ဆာန်အစာပင်စိုက်ပျိုးသူများထံ မွေးမြူရေးတောင် သူများလိုအပ်သည့် အစာကြမ်းမြက်ချိုများ လိုသလောက်မရပဲ စိုက်ပျိုးမှုထက် ဝယ်လိုအားများလျက်ရှိရာ မွေးမြူရေး တောင်သူများကိုယ်တိုင် စိုက်ပျိုးနိုင်ရန် မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ မျိုးစေ့များကို ဖြန့်ဖြူးပေး လျက်ရှိသည်။
စားမြုံ့ပြန်တိရစ္ဆာန်များအား သမရိုးကျအစာများကျွေးခြင်းထက် အာဟာရတန်ဖိုးမြင့်မြက်ကို ကျွေးခြင်းသည် အစာနုကုန်ကျစရိတ်ကို သက်သာစေပြီး ကြီးထွားမှုနှင့်ထုတ်လုပ်မှုကို အထောက် အကူပြုလျက်ရှိရာ အဆင့်မြင့်စားကျက်စိုက်ပျိုးခြင်း စိတ်ဝင်စားမှုများလာ၍ ရေရှည်တွင် စားမြုံ့ပြန်တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းနှင့် စားကျက်စိုက်ပျိုးမှု တိုးတက်လာခြင်းဖြင့် ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမာန်
- သစ္စာ(mna)


