နေပြည်တော် ဩဂုတ် ၁၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာရှိ New Asia Hi-Tech Seeds ကုမ္ပဏီသို့သွားရောက်၍ ဧရာမင်း၊ ဆင်းသုခ၊ နှံကောက်ထွန်း၊ နယူးဧရာ စပါးသီးနှံ မျိုးစေ့ ထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ကုမ္ပဏီ တာဝန်ခံ ကရက် (၉၀) စပါးမျိုးများဖြစ်သော ဧရာမင်း၊ ဆင်းသုခ၊ နှံကောက်ထွန်း၊ နယူးဧရာ စပါးစပ်မျိုးများ၏ မျိုးစေ့ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကုမ္ပဏီကိုယ်တိုင် စိုက်ပျိုးထားမှု၊ ကန်ထရိုက် လယ်ယာစနစ်ဖြင့် စိုက်ပျိုးထားမှုနှင့် အကျိုးတူပူးတွဲ စိုက်ပျိုးထားမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ 

 

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီမှ ထုတ်လုပ်သည့် စပါးမျိုးများအနေဖြင့် အထွက်နှုန်း ကောင်းမွန်စေရေး၊ ဈေးကွက်ဝင်အဆင့်မှီဖြစ်စေရေး၊ စာသုံးမှုအရသာ ကောင်းမွန်စေရေး၊ စိုက်ပျိုး သည့်တောင်သူများ ဝင်ငွေတွက်ချေ ကိုက်မှုရှိစေရေးစသည့် အရည်အသွေးပြည့်မီသောစပါး မျိုးများဖြစ်အောင် ထုတ်လုပ်ရန်၊ သုတေသန လုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ စိုက်ပျိုးရေး အောင်မြင်ရန် လိုက်နာရမည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ မြေယာစနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ နည်းပညာရရှိရေး စသည့်အချက်(၄)ချက်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် မိရိုးဖလာစိုက်ပျိုးစနစ်ထက် စက်မှု လယ်ယာစနစ် တွင်ကျယ်စွာ အသုံးပြုလာစေရေးတို့အတွက် တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုမ္ပဏီပိုင်မြေ (၆၅) ဧကတွင် ပျိုးထောင်စနစ်ဖြင့် နှံကောက်ထွန်းစပါးမျိုးများ စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)